ပင်လယ်ကွေ့ဒေသရှိ မဟာမိတ်များကို ကာကွယ်ရန်အတွက် အီရန်ဒရုန်းများကို ဆန့်ကျင်ကူတိုက်ပေးရန် အမေရိကန်က ယူကရိန်းကို အကူအညီတောင်းခံထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။
မိတ်ဖက်နိုင်ငံများက ယူကရိန်းထံ ဆက်သွယ်လာကြပြီး အမေရိကန်ဘက်မှလည်း တောင်းဆိုမှုရှိခဲ့သည်ဟု ယူကရိန်းသမ္မတကဆိုကာ လိုအပ်သည့် လက်နက်ပစ္စည်းများပံ့ပိုးပေးရန်နှင့် ယူကရိန်းကျွမ်းကျင်ပညာရှင်များ သွားရောက်ကူညီရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောသည်။
ယူကရိန်း၏ကမ်းလှမ်းမှုနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်က "ဘယ်နိုင်ငံကမဆိုပေးတဲ့ အကူအညီကို လက်ခံမှာပါ" ဟု တုံ့ပြန်ခဲ့သည်။
သို့သော် ဇယ်လန်းစကီးက ယူကရိန်းဘက်က အကူအညီပေးမည်ဖြစ်သော်လည်း ယူကရိန်း၏ ကိုယ်ပိုင်ကာကွယ်နိုင်စွမ်း မလျော့သွားစေရန်နှင့် သံတမန်ရေးအကျိုးအမြတ်များ ရရှိရေးအချက်များအပေါ် မူတည်နေသည်ဟု အသိပေးခဲ့သည်။
အထူးသဖြင့် ရုရှား၏ပဲ့ထိန်းဒုံးကျည်များကို ကာကွယ်ရန် အမေရိကန်၏ ပက်ထရီးယော့လေကြောင်းကာကွယ်ရေးစနစ်များနှင့် ယူကရိန်း၏ ကြားဖြတ်တိုက်ခိုက်ရေးဒရုန်းများကို အလဲအလှယ်လုပ်ရန် ဇယ်လန်းစကီးက ဆန္ဒရှိနေသည်။
"သူတို့ ယူကရိန်းဆီကနေ ဘာကို အဓိကတောင်းဆိုနေသလဲဆိုတာ ရှင်းပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ကြုံဖူးသူတိုင်းက Shahed ဒရုန်းတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရတာပါပဲ။ ဒီဒရုန်းတွေဟာ သင့်တော်တဲ့ကျွမ်းကျင်မှုနဲ့ လက်နက်တွေမရှိရင် ကြားဖြတ်ပစ်ချဖို့ အရမ်းခက်ခဲပါတယ်" ဟု ဇယ်လန်းစကီးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Ref:BBC














