မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာတော့မယ့် လီယမ်ရိုစီနီယာဟာ နည်းပြကောင်းတစ်ယောက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လီယမ်ရိုစီနီယာဟာ ဒါဘီအသင်းကို ရွန်နီ နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်က လက်ထောက်နည်းပြအဖြစ် လက်တွဲခဲ့ဖူးသူဖြစ်ပြီး ရွန်နီ ရာထူးက ထုတ်ပယ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ရသူ ဖြစ်ပါတယ်။
ဒါကြောင့် ရွန်နီက လီယမ်ရိုစီနီယာဟာ သူ လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ တခြားနည်းပြတွေလိုပဲ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရဖို့ ထိုက်တန်သူဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။
''သူ ချယ်လ်ဆီးနည်းပြဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေလိုပဲ နည်းပြကောင်းတစ်ယောက်ဖြစ်တယ်လို့ ထင်တာကြောင့်ပါ။ သူက ကျွန်တော့်အတွက် အလွန်အရေးပါသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့မှာ မယုံနိုင်စရာကောင်းတဲ့ နည်းပြအရည်အသွေးရှိပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ဆီက အများကြီးသင်ယူခဲ့ဖူးပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
လီယမ်ရိုစီနီယာဟာ လက်ရှိအချိန်မှာ လန်ဒန်ကို ရောက်ရှိနေပြီး ဒီနေ့ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိကြောင်းနဲ့ ကြားရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ စတင်တာဝန်ယူရဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။















