အလုပ်သမားများအတွက် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂ဝဝဝ အပြင် ၁ဝဝဝ ကျပ် ထပ်မံခံစားခွင့်ပြုသည့်အတွက် နေ့စားအလုပ်သမားများ နေ့စဉ်လုပ်ခ ကျပ် ၇၈ဝဝ သတ်မှတ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄၈ဝဝ (လေးထောင့်ရှစ်ရာကျပ်) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၈ ဖြင့် ထုတ်ပြန် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့အနည်းဆုံးအခကြေးငွေနှုန်း အလုပ်ချိန် ရှစ်နာရီ တစ်ရက်အတွက် ကျပ် ၄၈ဝဝ သတ်မှတ်ခဲ့ခြင်းအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ အပိုထောက်ပံ့ကြေး ကျပ် ၁ဝဝဝ (တစ်ထောင်ကျပ်တိတိ) ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် သြဂုတ် ၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ ဖြင့် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၁ဝဝဝ အပြင် ထပ်မံ၍ ကျပ် ၁ဝဝဝ ကို အပိုထောက်ပံ့ကြေးအဖြစ် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ပြုရန် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ “လုပ်ခကို အလုပ်ချိန်တစ်နေ့ ရှစ်နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄၈ဝဝ အပေါ်တွင် အပို ထောက်ပံ့ကြေးကျပ် ၁ဝဝဝ ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံ၍ ကျပ် ၁ဝဝဝ ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်း လစဉ်ခံစားခွင့် ပြုခဲ့ကြောင်း၊ ယခုအခါ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂ဝဝဝ အပြင် ထပ်မံ၍ ကျပ် ၁ဝဝဝ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၇၈ဝဝ (ကျပ်ခုနစ်ထောင့်ရှစ်ရာတိတိ) ကို ခွင့်ပြုရန်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၀/၂၀၂၅ ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂ဝဝဝ အပြင် ထပ်မံ၍ ကျပ် ၁ဝဝဝ ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန်ဖြစ်ကြောင်း၊ ယင်းသတ်မှတ်ချက်သည် အလုပ်သမား (၁၀) ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။















