■အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်း ဆောင်ရွက်သွားမည်ဟုဆို
ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်ယွင်းပြီး ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများ ရှိကြောင်း၊ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်စီးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ် အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီး ပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ကရင်ပြည်နယ် အေးချမ်းသာယာပြီး ငြိမ်းချမ်းပါစေကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်အနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးပြီးချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစိုးရအသစ်ဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
မိမိတို့အနေဖြင့် ပြည်သူများ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီစနစ်ပေါ်တွင် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ကောင်းမွန်သည့် နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသများတွင် တိုးတက်မှုများရရှိနိုင်မည်ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းချမ်းမှုမရှိသည့်ဒေသများတွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည် မဟုတ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးပိုင်းဆိုင်ရာအရ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများလုပ်ဆောင်၍မရနိုင်သည့် မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုမဖြစ်စေရေးနှင့် ဆန္ဒမဲများပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လူကိုအခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးရန်လိုကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် အနေဖြင့် မိမိတို့နိုင်ငံ၏ နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်ဖြစ်စေရေး ရွေးကောက်ပွဲသည်အခြေခံဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဆန္ဒမဲပေးရာတွင်လည်း ဒေသအကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးကိုဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံတော်မှတရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့်အတူတကွ ပူးပေါင်း၍ နိုင်ငံတော်၏ အကျိုးကိုဆောင်ရွက်နိုင်သည့် စိတ်ရှိသူ၊ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သည့်သူများကို ရွေးချယ်နိုင်ရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘားအံမြို့ရှိ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။















