ဘုရင့်နောင်လမ်းမပေါ်တွင် လိုက်ထရပ်ယာဉ်တစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်ပြီး ကားနှင့် တင်ဆောင်ကာ ရွှေပြည်သာစက်မှုဇုန်တွင် စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အောက်တိုဘာ ၂၉ ရက် နံနက် ၃ နာရီ ၂၈ မိနစ်ခန့်တွင် အင်းစိန်မြို့နယ် က/ခ ရပ်ကွက် ဘုရင့်နောင်လမ်းပေါ် ရွှေဝါ ၂ လမ်းထိပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နယ်မြေခံအသင်းအဖွဲ့မှ တာဝန်ရှိသူအချို့ သွားရောက်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာသို့ ရောက်ရှိချိန်တွင် မည်သူ့ကိုမျှ မတွေ့ရှိခဲ့ကြောင်း သိရသည်။
"မနက်ပိုင်း သတင်းရလို့ ကျွန်တော်တို့က သွားကူတာ။ ဟိုကိုရောက်တော့ ဘယ်သူမှ မရှိတော့ဘူး။ အနီးအနားက လုံခြုံရေးဦးလေးကြီးတွေကို မေးကြည့်တော့ တိုက်တဲ့ကားနဲ့ ဆေးရုံကို ခေါ်သွားတယ်ဆိုလို့ အင်းစိန်ဆေးရုံကို လိုက်ကြည့်တော့လည်း လူနာရောက်မလာဘူးပြောတာနဲ့ ကျွန်တော်တို့လည်း ပြန်လာတာ။ မနက်ကျတော့မှ ကနောင်အသင်းက အစ်ကိုက လှမ်းပြောမှ သိရတယ်" ဟု အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောကြားသည်။
အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်တွင် ယာဉ်တိုက်ခံရသည့် အမျိုးသမီးကို ဝင်တိုက်ခဲ့သည့် လိုက်ထရပ်ယာဉ်မှ ယာဉ်မောင်းနှင့် စပယ်ယာ နှစ်ဦးက တင်ဆောင်ကာ ရွှေပြည်သာ စက်မှုဇုန် ၄ တွင် လာရောက်စွန့်ပစ်သွားကြောင်း သိရသဖြင့် ကနောင်လူမှုကူညီရေးအသင်းက သွားရောက်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
" အတိုက်ခံရတဲ့ အမျိုးသမီးက ၃၃ နှစ်အရွယ်လောက်တော့ရှိပြီ။ လောလောဆယ်တော့ ဆေးရုံမှာ သတိရလာပြီပေါ့။ စကားတော့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့လည်း စုံစမ်းရသလောက် နေရပ်လိပ်စာကို သွားမေးကြည့်တော့လည်း မနေတော့တာ ကြာပြီဆိုပြီး သိရတယ်။ သူ သတိကောင်းကောင်းရတော့မှ မေးကြည့်ပြီး ထပ်စုံစမ်းပေးရမယ့် အခြေအနေပေါ့" ဟု လိုက်လံကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်ခံရသည့် အမျိုးသမီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများ၊ ခြေသလုံးရိုးကျိုးဒဏ်ရာ အစရှိသည့် ဒဏ်ရာများရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်ခံရသည့် အမျိုးသားတစ်ဦးကို တိုက်မိသည့် ယာဉ်ဖြင့်တင်ဆောင်ကာ လမ်းဘေးတွင်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။















