မကွေးတိုင်းဒေသကြီး မင်းလှနှင့် စလင်းမြို့နယ်တို့တွင် PDF များက ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ရာအိမ်မှူးနှစ်ဦးအပါအဝင် သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာနေသူများဖြစ်သည့် ဦးလွင်မျိုး(၄၉ နှစ်)နှင့် မောင်ဟိန်းထက်အောင်(၈ နှစ်)၊ ကျောက်ပုံကျေးရွာနေ ဦးအောင်အောင်(၃၃ နှစ်)တို့သည် စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်တွင် ရေနံမကျေးရွာမှ ကန်တုတ်ကျေးရွာဘက်သို့ ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် နွားလဲကျေးရွာအနီးအရောက်၌ PDF လေးဦးက ဆိုင်ကယ်အားတားဆီး၍ ဦးလွင်မျိုးနှင့် ဦးအောင်အောင်တို့နှစ်ဦးကို ဒလန်များ ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင်း ဦးလွင်မျိုးနှင့် ဦးအောင်အောင်သည် ကျည်ထိမှန်၍ သေဆုံးခဲ့ပြီး မောင်ဟိန်းထက်အောင်တွင် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၉ ရက် ညနေ ၆ နာရီကျော်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ခြောက်ပင်အလယ်ကျေးရွာနေသူများဖြစ်သည့် ရာအိမ်မှူးဦးဟန်ရွှေ၊ ရာအိမ်မှူးဦးကျော်စိုးမင်းနှင့် ဦးထွန်းထွန်းနိုင်(ခ)ထွန်းနိုင်တို့သည် ၎င်းတို့နေအိမ်အသီးသီးတွင်ရှိနေစဉ် ယင်းကျေးရွာအတွင်းသို့ PDF များ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေဖြင့် ရောက်ရှိလာပြီး ၎င်းတို့သုံးဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ချောက်မြို့နယ်၊ ထန်းပင်ချောင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရှိရသည်။















