ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဖောက်ထွင်းခံရပြီး သိန်းထောင်ချီတန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေသည့်အချိန်တွင် ဖောက်ထွင်းခံခဲ့ရဟန်တူကြောင်းနှင့် မနက်မိုးလင်းပိုင်းအချိန်မှသာ ရွှေထည်ပစ္စည်းများအပြင် ငွေသားများလည်း ပျောက်ဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု သိရကြောင်း ရေးမြို့ခံတစ်ဦးက ပြောသည်။
၎င်းက ဆက်လက်ပြီး “အိမ်ရှင်တွေက ရွှေထည်ပစ္စည်းတွေကို အိမ်အပေါ်ထပ်က ဘီဒိုထဲမှာပဲ ထားထားတာလို့ သိရတယ်။ အိမ်သားတွေက အိမ်အောက်ထပ်မှာ အိပ်ကြတယ်။ မနက်မိုးလင်းမှ ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေတာကို သိကြတာ။ ရွှေထည်ပစ္စည်းပေါင်းစုံ ကျပ်သိန်းလေးငါးထောင်ဖိုးလောက် ပါသွားတယ်လို့ ကြားသိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ရွှေလင်းယုန် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နေအိမ်မှာလည်း လွန်ခဲ့သည့် လေးငါးလခန့်က ပြန်လည်ပြုပြင်ထားကြောင်း ၎င်းမြို့ခံက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်းလည်း သိရသည်။
၎င်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေးမြို့ပေါ်ရှိ ကုန်စုံဆိုင်တချို့ ဖောက်ထွင်းခံရသည့်ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းနှင့် ရေးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ညပိုင်းအချိန်တွင် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ရေးမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက် ကြာညိုလမ်းတွင် ရွှေဆိုင်သိမ်းပြီး ပြန်လာသည့် ဇနီးမောင်နှံနှစ်ဦးမှာ ၎င်းတို့နှင့် အတူပါလာသည့် ရွှေထည်ပစ္စည်းများအား အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြကာ လုယက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်သူများအား ယနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းအချိန်က မွန်ပြည်နယ် မုဒုံမြို့ရှိ ရွှေဟင်္သာဈေးမျက်နှာစာရှိ “ရွှေရတနာဦး” ရွှေဆိုင်သို့ သေနတ်သမား အမျိုးသားတစ်ဦး ရောက်ရှိလာပြီးနောက် ဆိုင်ရှင်သားအဖ နှစ်ဦးအား ပစ္စတိုသေနတ်ပြကာ ရွှေထည်ပစ္စည်းများ လုယက်ရန် ကြိုးစားခဲ့ကြောင်းနှင့် ပစ်ခတ်မှုများလည်း ဖြစ်ပွာခဲ့ပြီး ရွှေဆိုင်ပိုင်ရှင် အမျိုးသားကြီးတစ်ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။















