မလေးရှားနိုင်ငံရှိ အနှိပ်ခန်းတစ်ခုကို အာဏာပိုင်များဝင်ရောက်ဖမ်းဆီးရာ မြန်မာငါးဦးအပါအဝင် ပြည်ပလုပ်သား ၅၂ ဦး ဖမ်း ဆီးခံရကြောင်း မလေးရှားအခြေစိုက်သတင်းများတွင် ဖော်ပြသည်။
မလေးရှားလူဝင်မှု ကြီးကြပ်ရေးအဖွဲ့ (JIM) အဖွဲ့က မလေးရှားနိုင်ငံ ဂျိုဟိုးဘာဟူး အနီးရှိ အနှိပ်ခန်းသုံးခုကို အထူးစစ်ဆင်ရေး တစ်ရပ်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ပြည်ပလုပ်သား ၁၁၅ ဦးကို စစ်ဆေးပြီး ယင်းတို့အနက် ၅၂ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် မြန်မာ ငါးဦးအပါအဝင် အင်ဒိုနီးရှားတစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နှစ်ဦး၊ တရုတ် တစ်ဦးအပါအဝင် အမျိုးသမီး ၄၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် အမျိုးသမီး ၄၃ ဦးတွင် ထိုင်း ၃၂ ဦး၊ တရုတ် ရှစ်ဦး၊ ဗီယက်နမ်၊ လာအိုတို့မှ တစ်ဦးစီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဖမ်းခံရသူများမှာ အသက် ၁၉ နှစ်မှ ၅၉ နှစ်အကြားရှိသူများဖြစ်ပြီး ခိုင်လုံသော အထောက်အထားစာရွက်စာတမ်းများမရှိကြောင်း သိရသည်။
“စီးနင်းမှုအတွင်း အစောင့်လို့ယူဆရတဲ့ မလေးရှားနိုင်ငံသား သုံးဦးကိုလည်း ဖမ်းဆီးထားပါတယ်” ဟု JIM မှ ဒါရိုက်တာ ဒါတွတ်ဇက်ကရီးယားရှာဘန်းက ပြောကြားသည်။
စက်တင်ဘာ ၁၈ ရက်က စတင်ခဲ့သည့် စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ဝင် ၄၉ ဦးပါဝင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနခွဲက ဦးဆောင်ခဲ့သည်ဟု ဇက်ကရီးယားက ပြောကြားသည်။
ယင်းသို့ ဝန်ဆောင်မှုပေးနေသည့်အနှိပ်ခန်းများမှာ ပက်ကေ့ချ်များပေါ်မူတည်ပြီး ရင်းဂစ် ၉၂ မှ ၁၈၀ ရင်းဂစ်အထိရှိပြီး အထူးခန်းများမှာ ရင်းဂစ် ၃၀၀ အထိရှိသည်ဟု သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးရမိသူများကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေများနှင့် အရေးယူဖမ်းဆီးထားသည်ဟု သိရသည်။















