■ ရွေးကောက်ပွဲများကို ကာကွယ်ပေးရေးဥပဒေဖြင့် အမျိုးသားတစ်ဦးအား တောင်ကြီးမြို့တွင် ဖမ်းဆီးစစ်ဆေးနေ

■ ရွေးကောက်ပွဲများကို ကာကွယ်ပေးရေးဥပဒေဖြင့် အမျိုးသားတစ်ဦးအား တောင်ကြီးမြို့တွင် ဖမ်းဆီးစစ်ဆေးနေ
Published 27 August 2025

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမျိုးသားတစ်ဦးအား တောင်ကြီးမြို့တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အေးသာယာရပ်ကွက် (၁) တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် Facebook လူမှုကွန်ရက်တွင် Lashio Baegyi အမည်ရှိ အကောင့်ဖြင့် အခြားသူတစ်ဦးတင်ထားသည့် လားရှိုးမြို့တွင်ဖြစ်ပွားသည့် ကားလုယက်မှု CCTV ရုပ်သံအား ပြန်လည်မျှဝေရာတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ရေးသားမှုများကို ဆက်စပ်ထည့်သွင်းရေးသားခဲ့သည်။

ထိုသို့ရေးသားရာတွင် “မဲပေးဖို့ချည်း ဇွတ်ပြောပြီး မင်းတို့က ဘာကောင်တွေလဲဆိုတဲ့ ဟို ကိုယ်... စောက်လုံးပါရင် သေချာကြည့်။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲ စဉ်းစား၊ အလကားနေ ဘာမှ စောက်ဖြစ်မရှိပဲ ပြည်သူဆီက မဲလိုချင်ရင်တော့ ....ပဲ ရမယ်၊ ...ဆိုရင် ဖြုတ်ရောင်းစားမှာစိုးလို့” အစရှိသဖြင့် ညစ်ညမ်းသည့် စကားလုံးအချို့ကိုလည်း ထည့်သွင်းသုံးနှုန်းဖော်ပြခဲ့သည်။

ထိုသို့ Lashio Baegyi အမည်ရှိအကောင့်၏ ရေးသားမှုအတွက် အကောင့်ပိုင်ရှင်ကို အရေးယူပေးရန် လူမှုကွန်ရက်တွင် ရေးသားတောင်းဆိုမှုအချို့လည်းရှိခဲ့ပြီးနောက် သက်ဆိုင်ရာက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပျက်ပြားစေရန် လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေထားမှုဖြင့် ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဖြစ်စဉ်ကမှန်ပါတယ်။ အေးသာယာရပ်ကွက် (၁) ကလို့ ပြောတယ်။ ချက်ချင်းဖမ်းတာလို့ ကြားတယ်။ အမှုတောင် မြန်မြန်စစ်ပြီး အမိန့်ချမယ်ထင်တယ်။ စံပြပုံစံလုပ်မှာပေါ့လေ" ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောကြားသည်။ 

Lashio Baegyi အကောင့်ပိုင်ရှင်သည် ဦးနေသွေးဆိုသူဖြစ်ပြီး ကိုနေအမည်ဖြင့် ဆိုင်ကယ် Second Hand ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးနေသွေးသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရသူဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေပုဒ်မ ၂၃ (က) ပြဋ္ဌာန်းချက်အရ မည်သူမျှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

 

Most Read

Most Recent