ဇွန် ၁၅ ရက်မှ ၂၂ ရက်အတွင်း ကိုဗစ်ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၉၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၂၉ တွေ့ရှိ

ဇွန် ၁၅ ရက်မှ ၂၂ ရက်အတွင်း ကိုဗစ်ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၉၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၂၉ တွေ့ရှိ
Published 24 June 2025

ဇွန် ၁၅ ရက်မှ ၂၂ ရက်အထိ ကိုဗစ်ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၉၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၂၉ တွေ့ရှိကြောင်း ကျန်းမရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက် ည ၈ နာရီမှ ၂၂ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၉၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ဦး တွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ သုံးလနှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန် ၈ ရက်မှ ၁၅ ရက်အတွင်းကလည်း ရောဂါပိုးသံသယရှိသူ ၂၂၈၅ ဦးအား စစ်ဆေးရာ ပိုးတွေ့သူ ၅၂ ဦးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ သေဆုံးသူ မရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့ရက်သတ္တပတ် ဇွန် ၁ ရက်မှ ဇွန် ၈ ရက်အထိ ကိုဗစ်ပိုးသံသယရှိသူ ၂၁၅၄ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ ၃၁ ဦးရှိခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း၊ သေဆုံးသူမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်မှ ဇွန် ၁ ရက်အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၇ ဦးရှိခဲ့ပြီး ပိုးတွေ့ရှိသူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဖြစ်သည်။

Most Read

Most Recent