မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ၏ မိဘများအား PDF များက ခြိမ်းခြောက်ခြင်းကြောင့် စာမေးပွဲဖြေဆိုရန် တည်းခိုသည့်နေရာမှ သား၊ သမီးများအား ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။
ဇွန် ၁၄ ရက် နံနက် ၉ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သိရိမင်္ဂလာရပ်၌ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုရန် ရောက်ရှိတည်းခိုနေသည့် ညောင် ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ ကိုးဦးအနက် မ…..၊ မ…..၊ မ…..၊ မ……၊ မ…..၊ မောင်….. တို့ခြောက်ဦး၏ မိဘများအား PDF များက ခြိမ်းခြောက်ခဲ့သဖြင့် ကျောင်းသားမိဘများက ၎င်းတို့၏ သား၊ သမီးများအား တည်းခိုသည့်နေရာမှ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်းနှင့် မောင်တင်ဦးလှိုင်တို့ သုံးဦးကိုလည်း ၎င်းတို့၏ မိဘများက လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် PDF များအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။















