မွန်ပြည်နယ် ဘီးလင်းမြို့နယ် သစ်တိုကျွန်းကျေးရွာနေ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သစ်တိုကျွန်းကျေးရွာနေ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 4 June 2025

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း - တောင်စွန်း ကားလမ်းဘေးရှိ သစ်တိုကျွန်းကျေးရွာနေ အမျိုးသမီးတစ်ဦးမှာ ဇွန် ၃ ရက် ညပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူမှာ ဘီးလင်းမြို့နယ် သစ်တိုကျွန်းကျေးရွာနေ အသက် (၅၃) နှစ်အရွယ် ဒေါ်သီတာမိုး (ခ) ကုလားမ ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ဇွန် ၃ ရက် ည ၇ နာရီခွဲတွင် ၎င်းနေအိမ်မှ ကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန် ရွာအလယ်လမ်းမကြီးအတိုင်း လမ်းလျှောက်သွားနေစဉ် အမည်မသိသေနတ်သမား နှစ်ဦး ဆိုင်ကယ်နှင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သေနတ်သမား နှစ်က အနိုင်းပွန်ကျေးရွာဘက်နေ ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ ဒေါ်သီတာမိုးကို သေနတ်နဲ့ပစ်သွားတာလို့ သိရပါတယ်။ ပြီးတော့ ဇုတ်သုတ်ကျေးရွာဘက်ကို ဆိုင်ကယ်မောင်းပြေးသွားတယ်ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဒေါ်သီတာမိုးတွင် ညာဘက်မျက်ခုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်နို့အုံတွင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာဘက်ခါးစောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ခါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။

ဒေါ်သီတာမိုး (ခ) ကုလားမမှာ ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်းနှင့် ၎င်းအားမည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဒေါ်သီတာစိုး (ခ) ကုလားမ၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဘီးလင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့်အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

Most Read

Most Recent