တရုတ်သမ္မတ ရှီကျင်းပင်က ပေကျင်းမြို့၌ လက်တင်အမေရိက ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားရာ၌ တရုတ်နှင့် လက်တင်အမေရိကတို့၏ ဆက်ဆံရေးများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည်ဟု မေ ၁၃ ရက်တွင် ပြောကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စုကို သွယ်ဝိုက်ဝေဖန်မှုအဖြစ် အနိုင်ကျင့်ဗိုလ်ကျခြင်းကို ပြစ်တင်ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။
လက်တင်အမေရိကနှင့် ကာရီဘီယံတို့က ခေါင်းဆောင်များနှင့် တာဝန်ရှိသူများသည် China-CELAC (Community of Latin American and Caribbean States)ဖိုရမ်အတွက် တရုတ်မြို့တော် ပေကျင်းကို ရောက်ရှိလာခဲ့ကြသည်။
တရုတ်သည် လွန်ခဲ့သောနှစ်များတွင် လက်တင်အမေရိကနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မကြာသေးမီက သွင်းကုန်အခွန်စည်းကြပ်မှုများကို ညီညီညွတ်ညွတ် ဆန့်ကျင်ရန် တိုက် တွန်းခဲ့သည်။
လက်တင်အမေရိကသည် တရုတ်ကို ထရန့် ရင်ဆိုင်ရာတွင် အဓိက စစ်မြေပြင်အဖြစ် ပေါ်ထွက်လာခဲ့သည်။ လက်တင်အမေရိကသည် အမေရိကန် သို့မဟုတ် တရုတ်ကိုရွေးရန် အမေရိကန်၏ ဖိအားပေးခြင်းကိုခံနေ ရသည်။
မေ ၁၃ ရက်တွင် ယင်းခေါင်းဆောင်များကို ပြောကြားခဲ့သော မိန့်ခွန်း၌ ရှီ က လက်တင်အမေရိကနှင့် တရုတ်တို့၏ လျင်မြန်စွာ တိုးတက်လာသော ဆက်ဆံရေးများကို ထုတ်ဖော်ချီးကျူးခဲ့သည်။
“တရုတ်နိုင်ငံဟာ လက်တင်အမေရိက၊ ကာရီဘီယံဒေသတို့နဲ့ ဝေးတဲ့နေရာမှာ တည်ရှိတာ ဖြစ်ပေမဲ့လည်း နှစ်ဖက်စလုံးက ကာလရှည်တည်ရှိခဲ့လို့ တန်ဖိုးထားရတဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေး သမိုင်းကြောင်းရှိထား ပါတယ်”ဟု ဖိုရမ်ဖွင့်ပွဲတွင် ပြောကြားခဲ့ပြီး ယခုဖိုရမ်သည် ကြီးမြတ်ခိုင်မာသော သစ်ပင်ကြီးတစ်ပင်နှင့်သည်ဟု ဆိုသည်။
“စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကသာ နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးတို့ကို အကာအကွယ်ပေးနိုင်ပါတယ်။ ကမ္ဘာအနှံ့ ဖွံ့ဖြိုးရေးနဲ့ကြွယ်ဝရေးတို့ကို မြှင့်တင်ပေးနိုင်ပါတယ်”ဟု ရှီက ပြော ကြားခဲ့သည်။
ဒေသဖွံ့ဖြိုးရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံပေးမည်ဟု တရုတ်ခေါင်းဆောင်က ကတိပြုခဲ့ပြီး ယင်းငွေများသည် အခြေခံအဆောက်အအုံများ နှင့် သန့်စင်စွမ်းအင်များအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျယ်ပြန့်သော အစီအစဉ်များ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံက အကြမ်းဖက်မှု တန်ပြန်ရေးအတွက် လက်တင်အမေရိကနှင့်အတူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်ပြီး စနစ်တကျ လုပ်ဆောင်သော ရာဇဝတ်မှုတို့ကို တိုက်ဖျက်ရာတွင်လည်း တရုတ်က လက်တင်အမေရိကနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ရှီကျင်းပင် က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဆင်နွှဲသော ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်၍ ရှီက “ကုန်သွယ်ရေးစစ်ပွဲ၊ အခွန်စစ်ပွဲမှာ အနိုင်ရသူရှိမှာ မဟုတ်ပါဘူး”ဟု တရုတ်သမ္မတ က ပြောကြားခဲ့သည်။
Ref:AFP














