ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်သည့် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သာစည်နှင့် ဘားအံမြို့နယ်တို့တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်သည့် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သာစည်နှင့် ဘားအံမြို့နယ်တို့တွင် ဖမ်းဆီးရမိ
Published 11 February 2025



ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်သည့် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သာစည်နှင့် ဘားအံမြို့နယ်တို့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရ ၆ ရက် ည ၁၀ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင်တို့ နှစ်ဦးအား TOYOTA NOAN VOXY မော်တော်ယာဉ်တစ်စီးနှင့်အတူ ငါးခြောက် အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ) အုန်းကျော်အား ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း (ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက်တို့အား TOYOTA WISH မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုအရ စုစုပေါင်းကျပ် ၃ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent