“ပေါ်တင် တရားမဝင်လုပ်ရပ်”အဖြစ် ဝေဖန်သူများက ပြစ်တင်ရှုတ်ချခဲ့ပြီး USAID ၏လုပ်ငန်းလည်ပတ်မှုများအားထိန်းချုပ်ရန် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၊ သမ္မတဒေါ်နယ် ထရန့်၏အငြင်းပွားစရာမိတ်ဆွေ အီလွန်မက်စ်၏လုပ်ဆောင်မှုများကြားထဲ အမေရိ ကန်အစိုးရ၏လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီကြီး(USAID)သည် ဖေဖော်ဝါရီ ၃ ရက်တွင် ဝန်ထမ်းများအား ရုံးချုပ်ပိတ်ထားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက USAID သည် ၎င်း၏ထိန်းချုပ်မှု အောက်ကို ရောက်လာလိမ့်မည်ဟု ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာလိုက်ခြင်းနှင့်အတူလွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်တွင် USAID က ၎င်း၏ဝက်ဆိုက်ကို Offline လုပ်ထားလိုက်ပြီးနောက် ၎င်း၏ဝန်ထမ်းများ ၀ါရှင်တန်ရှိ အေဂျင်စီရုံးချုပ်ကို မလာရန်ညွှန်ကြားခဲ့သည်။
နိုင်ငံတကာဖွံ့ဖြိုးရေးအတွက် အမေရိကန်အေဂျင်စီ USAID သည် ပြည်ပ၌ အမေရိကန်အကျိုးစီးပွားများကို တာဝန်သိသိ မြှင့်တင်ရန်ဟူသော ၎င်း၏မူလရည်ရွယ်ချက်နှင့် လမ်းလွဲနေသည်မှာကြာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရူဘီယိုက ဖော်ပြခဲ့ပြီး USAID ကို ပြန်လည်ဖွဲ့စည်းနိုင်သည့် အနေအထားမတိုင်မီ အေဂျင်စီ၏လုပ်ငန်းများကို လေ့လာဆန်းစစ်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ၆၀၀ ခန့်သည် ၎င်းတို့အသုံးပြုနေသော ကွန်ပျူတာများကို အသုံးပြု၍မရဖြစ်ခဲ့သောကြောင့် ကြီးကြီးမားမား အထိတ်တလန့်ဖြစ်မှုများရှိခဲ့သည်ဟု ABC သတင်းဌာနက ဖော်ပြခဲ့သည်။
ဒီမိုကရက်များက ဆန္ဒပြသူ ၅၀ ခန့်နှင့်အတူ USAID ကို ကယ်ပါ၊ လူ့အသက်များကို ကယ်ပါဟူသော စာတမ်းများကိုင်၍ ပါဝင်ဆန္ဒပြခဲ့သည့်အနေအထားတွင်အေဂျင်စီတံခါးများကို ရဲများက ပိတ်ထားလိုက်သော ကြောင့် ဒီမိုကရက်များသည် USAID ရုံးချုပ်၏အများပြည်သူသုံး ခန်းမထဲကိုဝင်ခွင့်မရ ဖြစ်ခဲ့ရသည်။
နောက်ကြောင်းရာဇဝင်စစ်ဆေးမှုကို ခံယူခြင်းမရှိ သို့မဟုတ် ဆီးနိတ်၏အတည်ပြုရေးလုပ်ငန်းစဉ်မရှိသော ရွေးကောက်ခံရခြင်းမရှိသည့် လုပ်ငန်းရှင်သူဌေးတစ်ဦးထံ အစိုးရမူဝါဒကို အပ်နှင်းလိုက်သည့်အတွက် ဒီမိုကရက်များက ထရန့်ကို ဝေဖန်ခဲ့ကြသည်။ ထို့အပြင် အီလွန်မက်စ်သည် အစိုးရအဖွဲ့၏ အကြီးမားဆုံး ကန်ထရိုက်တာတစ်ဦးအဖြစ် အကျိုးစီးပွား ၀ိရောဓိရှိနေသူဖြစ်သည်။
“ဒါဟာသူ့ကိုယ်သူ အခွန်သက်သာခွင့်တွေ ပေးနိုင်အောင် အခွန်ထမ်းသူတွေ ဆီကနေ တရားမဝင်အားဖြင့် ဖွဲ့စည်းပုံနဲ့မလျှော်ညီစွာ ခိုးယူဖို့ ဘယ်သူကမှရွေးကောက်ထားခြင်းမရှိတဲ့ ဘီလျံနာရဲ့အရှက်မရှိ မျက် နှာပြောင်တိုက်တဲ့ ကြိုးပမ်းမှုပါ”ဟု မက်ဆာချူးဆက်လွှတ်တော်အမတ် ဂျင်မက်ဂါးဗန်းက ပြောကြားသည်။
အီလွန်မက်စ်သည် ကွန်ဂရက်၏ဥပဒေဖြင့် ဖွဲ့စည်းထားသော USAID ကို ပိတ်ရန် တရားဝင်လုပ်ပိုင်ခွင့်မရှိဟု ဗာဂျီးနီးယားလွှတ်တော်အမတ် ဂယ်ရီကွန်နလီက ဒေါသတကြီး ပြောကြားခဲ့သည်။
“ဒါဟာ ပြဌာန်းထားတဲ့ဥပဒေနဲ့ဆိုင်ပါတယ်။ ကွန်ဂရက်က ကိုင်တွယ်ရမယ့်ကိစ္စပါ။ ရွေးကောက်မခံရတဲ့ အီလွန်မက်စ်ဆိုတဲ့ ဘီလျံနာလူနည်းစုအသိုင်းအဝိုင်းကကိုင် တွယ်ရမယ့်ကိစ္စမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: AFP















