ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ကမ်းနားလမ်းနှင့် ဗားကရာလမ်းထောင့် ကမ်းနားလမ်းပေါ်တွင် အမျိုးသားတစ်ဦး ဇန်နဝါရီ ၆ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း ရရှိသည်။
အဆိုပါသေနတ်ဖြင့်ပစ်သတ်ခံရသည့် အမျိုးသားမှာ အသက် ၅၀ အရွယ်ခန့်ရှိပြီး ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီဝန်းကျင်က သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များနှင့်နီးစပ်သူများထံမှ သိရသည်။
ကမ်းနားတွင်တပ်ဆင်ထားသည့် CCTV မှတ်တမ်းတစ်ခုအရ ကမ်းနားလမ်းဘေးတွင် ရပ်နေသည့်အမျိုးသားတစ်ဦးသည် သေနတ်ကို ပီနံအိတ်တစ်လုံးဖြင့်စွပ်ကာ ကမ်းနားလမ်းလယ် ဘလောက်တုံးပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို နောက်မှ ပစ်ခတ်ထွက်ပြေးခဲ့သည်ကို တွေ့ရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အမျိုးသား၏ဘေးလွယ်အိတ်အတွင်း ဦးအောင်ရှိန်အမည်ပါAYA ဘဏ်စာအုပ်ကို တွေ့ရှိကြောင်း သိရသည်။
“သေဆုံးသွားတဲ့ အမျိုးသားက ဘယ်မှာနေထိုင်လဲဆိုတာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက ရပ်ကျေးအုပ်ချုပ်ရေးများကို ဆက်သွယ်စုံစမ်းစစ်ဆေးဆောင်ရွက်နေပါတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောကြားသည်။















