MPox (မျောက်ကျောက်ရောဂါ) ကူးစက်မှုမရှိစေရန် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအားလုံး ခရီးသွားရာဇဝင်များ ရေးဖြည့်ရကြောင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၏ ပြောကြားချက်များအရ သိရ သည်။
သြဂုတ် ၂၁ ရက်မှ စတင်ကာ MPox (မျောက်ကျောက်ရောဂါ) ကူးစက်မှုမရှိစေရန်အတွက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ခရီးသွားရာဇဝင်များကို ရေးဖြည့်ရခြင်းဖြစ်ကြောင်း ပြည်ပမှ ပြန် လည်ရောက်ရှိလာသူအချို့က ပြောကြားသည်။
“မနေ့(သြဂုတ် ၂၂ ရက်)က ဖောင်တွေ ဖြည့်ရတယ်။ အရင်တုန်းကတော့ ကိုဗစ်ရောဂါအတွက်ပေါ့။ အခုကတော့ မျောက်ကျောက်ရောဂါအတွက်ပဲ။ တာဝန်ရှိတဲ့သူကို မေးကြည့်တော့ သြဂုတ် ၂၁ ရက်စတာလို့ ပြောတယ်” ဟု ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းလေကြောင်းလိုင်းများဖြင့် သွားရောက်သူများအနေဖြင့်လည်း ရောက်ရှိသည့်လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူရပြီး မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးမှုများကို သက်ဆိုင်ရာများက လုပ်ဆောင်လျက်ရှိနေသည်ဟု မော်လမြိုင်မြို့သို့ လေကြောင်း ခရီးဖြင့်သွားလာခဲ့သူတစ်ဦးက ပြောကြားသည်။
“ရန်ကုန်ကနေ မော်လမြိုင်ကို ပြန်လာတော့ မော်လမြိုင်လေဆိပ်မှာ ကိုယ်အပူချိန်တိုင်းတယ်။ ရန်ကုန်ကို ဝင်ရင်လည်း ကိုယ်အပူချိန်တိုင်းတာကို တွေ့ရတယ်။ မော်လမြိုင်မှာတော့ လူနာတင်ယာဉ်တွေပါ အဆင်သင့် လုပ်ထားတာတွေ့မိတယ်။ ကိုယ်အပူချိန်တိုင်းတယ်။ ပြီးတော့ လက်ကမ်းစာစောင်တွေ ဝေတာလည်း တွေ့တယ်။ လေယာဉ်ထဲမှာ အပူချိန်များတဲ့သူပါလာရင်တော့ အကုန်လုံး ကွာရန်တင်းဝင်ရမယ့်သဘောပေါ့” ဟု မော်လမြိုင်မြို့သို့ သြဂုတ် ၂၃ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် MPox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာခြင်း၊ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade lb) လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄ ရက်တွင် MPox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
MPox (မျောက်ကျောက်) ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိကကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
MPox (မျောက်ကျောက်) ရောဂါ သံသယလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ (သို့မဟုတ်) ရေ မလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်း အစရှိသော လက္ခဏာများရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ)နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။













