တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်
Published 22 July 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇူလိုင် ၂၂ ရက်မှစတင်ကျင်းပမည့် (၈) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်၊ သွင်းကုန်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန်အတွက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၁ ရက်မွန်းလွဲပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံလည်း လိုက်ပါသွားကြောင်း သိရသည်။          

ယင်းကုန်စည်ပြပွဲနှင့် ပိုကုန်၊ သွင်းကုန် ပြပွဲများကို စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ခေတ္တကောင်စစ်ဝန်ချုပ် မစ္စတာကျန်းဝေတို့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး တက်ရောက်ခဲ့ပြီး ယခုထပ်မံ၍ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent