Dune: Part Two ရုပ်ရှင်သည် အခြားနာမည်ကြီးရုပ်ရှင်များနှင့် မတူကြောင်း ဝေဖန်သူများ ချီးကျူးပြောကြား

Dune: Part Two ရုပ်ရှင်သည် အခြားနာမည်ကြီးရုပ်ရှင်များနှင့် မတူကြောင်း ဝေဖန်သူများ ချီးကျူးပြောကြား
Published 25 February 2024

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Dune ၏ ဒုတိယပိုင်းသည် ဝေဖန်သူများထံမှ ကောင်းမွန်သော မှတ်ချက်အများ အပြားရရှိခဲ့ပြီး ယင်းရုပ်ရှင်သည် အခြားနာမည်ကြီး ရုပ်ရှင်များနှင့်မတူကြောင်း ပြောကြားခဲ့ကြသည်။

ကာလကြာရှည် စောင့်မျှော်နေခဲ့ရသည့် Dune နောက်ဆက်တွဲရုပ်ရှင်ကို လွန်ခဲ့သည့် ဆောင်းဦးရာသီတွင် ထုတ်လွှင့်ပြသရန် မူလက စီစဉ်ထားသော်လည်း သရုပ်ဆောင်များ၏ သပိတ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

Dune: Part One သည်၂၀၂၁ ခုနှစ်တွင် အောင်မြင်မှုရရှိခဲ့ပြီး နောက်တီမိုသီချာလမက်နှင့် ဇန်ဒါရာတို့ ပါဝင်သရုပ်ဆောင်ထား ပြီး ဇာတ်လမ်း၏ ဒုတိယပိုင်းအတွက် မျှော်လင့်ချက်များ အလွန်မြင့်တက်ခဲ့သည်။

Independent  သတင်းဌာနက ယင်းရုပ်ရှင်ကို ကြယ်ငါးပွင့် အဆင့်သတ်မှတ်ခဲ့ပြီး“ဒီရုပ်ရှင်ဟာ အခြား နာမည်ကြီး ရုပ်ရှင်တွေနဲ့မတူဘူး”ဟု ပြောကြားခဲ့သည်။

Dune: Part One ရုပ်ရှင်သည် အော်စကာ ဆန်ခါတင်စာရင်း ၁ဝခု ဝင်ထားပြီး ကမ္ဘာတစ်ဝန်းရှိ box office တွင် ဒေါ်လာသန်း ၄၀၀ ကျော်ရရှိထားသည်။

Rolling Stone မှ ရုပ်ရှင်ဝေဖန်သူ ဒေးဗစ်ဖီးယားကမူ သုံးနာရီနီးပါးကြာမြင့်သည့် ယင်းဒုတိယ မြောက်ရုပ်ရှင်သည် စစ်မှန်သည့် သိပ္ပံစိတ်ကူးယဉ်ပုံစံနှင့် တူညီနေပြီး အပိုင်းတစ်ထက် ပိုမိုကြီးလေးကာပို မိုကောင်းမွန်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ယင်းသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သည် ၁၉၆၅ ခုနှစ်က ထွက်ရှိခဲ့သော ဖရန့်ဟားဘတ်၏ Dune အမည်ရှိ ဝတ္ထုကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ကာ Hugo ဆုအပါအဝင် ချီးကျူးဂုဏ်ပြုဆု အများအပြားရရှိခဲ့သည်။

နောက်ဆက်တွဲ ရုပ်ရှင်တွင် ချားလမက်၏ ဇာတ်ကောင်ဖြစ်သည့် ပေါလ်အက်ထရီဒက်စ်သည် ၎င်း၏ မိသားစုကို ဖျက်စီးခဲ့သော  ပူးပေါင်းကြံစည်သူများကို လက်တုံ့ပြန်ရန် ကြိုးစားနေချိန်တွင် ကျတ်တီးမြေ ကမ္ဘာပေါ်တွင် အသက်ရှင်ရန် အထူးနည်းလမ်းတစ်ရပ်ကို လေ့လာနေပုံအား မြင်တွေ့ရမည် ဖြစ်သည်။

Hollywood Reporter ၏ ရုပ်ရှင်သုံးသပ်ချက်တွင် ချားလမက်၏ သရုပ်ဆောင်မှုကို ချီးကျူးခဲ့သည်။

Guardian သတင်းဌာနက ကြယ်လေးပွင့် သတ်မှတ်ခဲ့ကာ ဗီလန်နျူဗီ၏ ရိုက်ကူးမှုကို ချီးကျူးပြော ကြားခဲ့ပြီး“ဒီရုပ်ရှင်ကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်မယ့် တစ်စုံတစ်ယောက်ကို တွေးကြည့်ဖို့ဆိုတာ မဖြစ် နိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။

ဝေဖန်သူများက ယင်းရုပ်ရှင်ကို ချီးကျူးနေကြသော်လည်း Indie Wire ၏ ဒေးဗစ်အာလစ်ချ်ကမူ ယုံ ကြည်ချက် နည်းပါးခဲ့ကာ ယင်းရုပ်ရှင်သည် ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရသော်လည်း ကြည့်ရှုရန် မချိ တင်ကဲ ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent