ရန်ဗီဆင်းနှင့် ဒီပီကာပါဒူကွန်တို့ အိမ်ထောင်သက်ငါးနှစ်ကျော်အကြာတွင် ပထမဆုံးရင်သွေးလေးရ

ရန်ဗီဆင်းနှင့် ဒီပီကာပါဒူကွန်တို့ အိမ်ထောင်သက်ငါးနှစ်ကျော်အကြာတွင် ပထမဆုံးရင်သွေးလေးရ
Photo:The Express Tribune
Photo:The Express Tribune
Published 22 February 2024

ဘောလိဝုဒ်လောက၏ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးဖြစ်သည့် ဒီပီကာပါဒူကွန်သည်  လက်ရှိတွင် ရင်သွေးလေး လွယ်ထားရပြီဖြစ်ပြီး ကိုယ်ဝန်က ဒုတိယလေးလပတ်ထဲရှိပြီဟု သိရသည်။ဒီပီကာသည် မကြာသေးမီက လန် ဒန်တွင် ကျင်းပသည့် ၇၇ ကြိမ်မြောက် ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (BAFTA သို့ တက်ရောက်ကာ ဒေးဗစ်ဘက်ခမ်း ၊ ဒူအာလီပါတို့နှင့် တွဲဖက်ပြီး အစီအစဉ်တင်ဆက်သူနေရာမှ ပါဝင်ပေးခဲ့သည်။

ဒီပီကာသည် ရုပ်ရှင်မင်းသားရန်ဗီဆင်းနှင့် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာ ၁၄ ရက်က အီတလီတွင် လက်ထပ်ခဲ့သည်။ လက်မထပ်မီ ခြောက်နှစ်တွဲခဲ့ကြပြီး ဒါရိုက်တာဆန် ဂျေးလီလာဘန်ဆာလီ ရိုက်ကူးသည့် အချစ်ကား Goliyon Ki Rasleela Ram-Leela  ရိုက်ကွင်းတွင် နှစ်ဦးသား စဆုံခဲ့ကြသည်။ Padmaavat ဇာတ်ကားတွင်လည်း သူတို့စုံတွဲ သရုပ်ဆောင်ထားသည်။

မနှစ်က နိုဝင်ဘာတွင် သူတို့နှစ်ဦး မင်္ဂလာနှစ်ပတ်လည် ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ဘယ်လ်ဂျီယံတွင်ဆင်နွှဲခဲ့ကြသည်။

ပြီးခဲ့သည့်လက Vogue Singapore နှင့် အင်တာဗျူးတွင် ဒီပီကာက “မိခင်ဘဝကို မျှော်လင့်ထားလား”ဟု အမေးခံရစဉ် “ဒါပေါ့ ၊ ရန်ဗီရော ကျွန်မရော  ကလေးချစ်တတ်တယ်။ ကိုယ်ပိုင်မိသားစုလေး ဖြစ်လာမဲ့နေ့ကိုလည်း  မျှော်နေတယ်”ဟု ပြန်ဖြေခဲ့သည်။

မိသားစုအကြောင်းကိုလည်း အင်တာဗျူးတွင် ဒီပီကာက ပြောပြခဲ့ပြီး “အဒေါ်တွေ ၊ ဦးလေးတွေ ၊ မိသားစုမိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ သူတို့အမြဲပြောတယ်။ ကျွန်မက နည်းနည်းလေးမှ မပြောင်းလဲဘူးတဲ့။ အိမ်မှာဆိုရင်လည်း ဘယ်သူကမှ ကျွန်မကို ဆယ်လီအနေနဲ့ မဆက်ဆံဘူး။ ကျွန်မက သမီးဆို လည်းဟုတ်တယ်။ အစ်မနေရာကလည်း ဟုတ်တယ်။ အဲဒါကို မပြောင်းလဲချင်ဘူး” ဟု ပြောသည်။

မနှစ်က နိုဝင်ဘာတွင်ပြုလုပ်သည့် Vogue India နှင့် အင်တာဗျူးတွင် ဒီပီကာက ခင်ပွန်းနှင့်သူ နှစ်ဦးစလုံး အလုပ်များကြသည့်အတွက် တစ်ဦးကိုတစ်ဦး အချိန်ပေးဖြစ်အောင် ကြိုးစားရသည်ဟု ဖွင့်ဟခဲ့သည်။

ဒီပီကာသည် မနှစ်က လူကြိုက်လည်းများ၊ ဝေဖန်လည်းခံခဲ့ရသည့် Pathaan  ဇာတ်ကားတွင်ပါဝင်ခဲ့ပြီး Jawan တွင်လည်း ပါခဲ့သည်။ နှစ်ကားစလုံး ရှာရွတ်ခန်းနှင့်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ရုံတင်ခဲ့သည့် Fighter အက်ရှင်သည်းထိတ်ရင်ဖို ဇာတ်ကားတွင် မင်းသား ရိသစ်ရိုရှန်နှင့် တွဲဖက်သရုပ်ဆောင်ထားသည်။

Most Read

Most Recent