တရုတ်မင်းသမီး လျိုယွီရှင်း LA တွင် နေအိမ်ဖောက်ထွင်းခံရပြီး ဒေါ်လာသန်းချီတန်ဖိုးရှိ် ပစ္စည်းများပါသွား

တရုတ်မင်းသမီး လျိုယွီရှင်း LA တွင် နေအိမ်ဖောက်ထွင်းခံရပြီး ဒေါ်လာသန်းချီတန်ဖိုးရှိ် ပစ္စည်းများပါသွား
Photo:AsiaOne
Photo:AsiaOne
Published 21 February 2024

တရုတ်ရုပ်ရှင်မင်းသမီး လျိုယွီရှင်း၏ LA ရှိ နေအိမ်ဖောက်ထွင်းခံလိုက်ရပြီးနောက် တန်ဖိုးကြီးပစ္စည်းများပါသွားကာ တန်ကြေးအားဖြင့် ဒေါ်လာသန်းချီရှိပြီး အိပ်ပင်မအိပ်ရဲတော့ဟု မင်းသမီးက ဖွင့်ဟခဲ့သည်။

လက်ရှိအသက် ၃၅ နှစ်အရွယ် လျိုယီရှင်းသည်  ၂၀၁၁ ခုနှစ်က ပြသသည့်  Scarlet Heart ရုပ်သံဇာတ်လမ်းတွဲတွင် ခပ်ဆိုးဆိုး  တော်ဝင်မင်းသမီး မင်ယွိဇာတ်ရုပ်ဖြင့် လူသိများခဲ့သူဖြစ်သည်။

နေအိမ်အဖောက်ခံလိုက်ရမှုတွင် တန်ဖိုးကြီးပစ္စည်းအားလုံး ပါသွားသည်ကို လျိုက Xiaohongshu လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ ရဲကို အကြောင်းကြားခဲ့သော်လည်း ထွက်ဆိုချက်ယူရုံယူပြီး ပြန်သွားသည်ဟု လျိုကပြောသည်။ “အနှစ်နှစ်အလလ ကြိုးစားစုဆောင်းခဲ့တဲ့ အရာတွေအားလုံး ပါသွားတယ်။ လက်ဝတ်ရတနာတွေရော ၊ လက်ပတ်နာရီတွေရော ၊ လက်ကိုင်အိတ်တွေရော ၊ ငွေသားနဲ့ ပိုက်ဆံကတ်တွေရော အစုံပဲ။  အားလုံးပေါင်းလိုက်ရင်  ဒေါ်လာသန်းချီရှိမယ်”ဟု လျိုက အွန်လိုင်းတွင် ရေးတင်ခဲ့သည်။

၎င်းပို့စ်တွင် အိမ်ဖောက်ထွင်းခံရပြီးနောက် အခြေအနေကိုု မြင်ရသည့် ဓာတ်ပုံလေးပုံလည်း တင်ပေးထားသည်။လျိုသည် အရှုပ်အပွများကို ရှင်းလင်းရင်း ငိုခဲ့ရသည်။  “မိုးနတ်မင်းက ကျွန်မကိုကျီစယ်နေတာ ၊ အစကနေ တဖန်ပြန်စစေချင်တာလို့တောင် ထင်မိတယ်။ဒီတစ်ကြိမ်ပြီးရင်တော့ အေးချမ်း မှုရလောက်ပါရဲ့”ဟု လျိုက ရင်ဖွင့်ရေးသားထားသည်။

လျိုယွီရှင်းသည် အနုပညာခရီးလမ်းတွင်လည်း အဖုအထစ်များစွာ ကြုံခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် သရုပ်ဆောင်စလုပ်ခဲ့ပြီး   တရုတ်ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်ကားများတွင် ဇာတ်ပို့နေရာမှသာ အပါများခဲ့သည်။

၂၀၂၀ ခုနှစ်ကပြသသည့် Eternal Love of Dream  ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသမီး ပိုင်ဖုန့်ကျိုဇာတ်ရုပ်ကို သရုပ်ဆောင်ရန်  Three Lives Three Worlds, The Pillow Book ဝတ္ထုမူပိုင်ခွင့်ကို လျိုကဝယ်ခဲ့သော်လည်း တစ်ကယ်တမ်း ယင်းဇာတ်ရုပ်ကို မင်းသမီးဒီရာဘာ ဒီမူရတ်က သရုပ်ဆောင်ခွင့်ရခဲ့သည်။၂၀၁၇ ခုနှစ်ကပြသည့် Eternal Love ဇာတ်လမ်းတွဲတွင်  ဒီမူရတ်က ပိုင်ဖုန့်ကျိုအဖြစ် လူကြိုက်များခဲ့ခြင်းကြောင့် ဖြစ်သည်။

လျိုက အိမ်အဖောက်ခံရမှုကြောင့် စိတ်ဒဏ်ရာရနေပြီး ကယ်လီဖိုးနီးယားတွင် ဆက် လက်မနေချင်တော့ပြီဟုလည်း ၎င်း၏ပို့စ်တွင် ရေးခဲ့သည်။

Most Read

Most Recent