Oppenheimer ဇာတ်ကားမှ မင်းသား ခီလီယန်မာဖီက ပရိသတ်နှင့် ဓာတ်ပုံတွဲရိုက်ရသည်ကို မကြိုက်

Oppenheimer ဇာတ်ကားမှ မင်းသား ခီလီယန်မာဖီက ပရိသတ်နှင့် ဓာတ်ပုံတွဲရိုက်ရသည်ကို မကြိုက်
Published 14 February 2024

Peaky Blinders ဇာတ်လမ်းတွဲတွင်  ဂန်းစတား သောမတ်ရှယ်လ်ဘီ ဇာတ်ရုပ်ဖြင့်  နာမည်ကျော်ခဲ့သည့် အသက် ၄၇ နှစ်အရွယ်ရှိ မင်းသားခီလီယန်မာဖီက ပရိသတ်နှင့် ဓာတ်ပုံတွဲရိုက်ရသည်ကို မကြိုက်ဟု GQ မဂ္ဂဇင်းနှင့်  အင်တာဗျူးတွင် ဖွင့်ဟသွားသည်။

အကောင်းဆုံး ရုံတင်ဇာတ်ကားများနှင့် သရုပ်ဆောင်များကို ရွေးချယ်ဂုဏ်ပြုမည့် ယခုနှစ် အော်စကာဆုပေးပွဲတွင် ခီလီယန်မာဖီ သရုပ်ဆောင်ထားသည့် Oppenheimer ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၁၃ ဆု လျာထားခံရသည်။ နျူ ကလီးယားဗုံးတီထွင်သူ ဂျေရောဘတ်  အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ယင်းဇာတ်ကားဖြင့် အဓိကဇာတ်ဆောင် ခီလီယန်မာဖီကိုယ်တိုင်လည်း ဇာတ်ဆောင်မင်းသားဆု လျာထားခံရသည်။

GQ နှင့် လတ်တလောအင်တာဗျူးတွင်  ခီလီယန်က အကယ်၍လမ်းတွင် ပရိသတ်များနှင့် ကြုံခဲ့ပါက ၎င်းတို့နှင့်တွဲပြီး  ဆယ်လ်ဖီပုံရိုက်ရခြင်းထက် စကားစမြည်ပြောရခြင်းကို ပိုကြိုက်သည်ဟု ပြောသွားသည်။မိမိရောက်နေသည့် နေရာတိုင်း ဓာတ်ပုံဖြင့်မှတ်တမ်းတင်ရန် မလိုဟုလည်း ခီလီယန်က ယူဆသည်။

ခီလီယန်သည် တစ်နှစ်လျှင် ရုပ်ရှင်တစ်ကားသာရိုက်ရန် ဆန္ဒရှိနေသူလည်းဖြစ်သည်။

ရိုက်ကွင်းသွားလိုက်၊ ရုပ်ရှင်ပွဲတော်များ တက်လိုက်၊ ပရိုမိုးရှင်းလုပ်လိုက်နှင့် ဘဝကို  သာမန်ဘဝဖြင့် မဖြတ်သန်းနိုင်သည့် နယ်ပယ်တစ်ခုတွင် မနေနိုင်ကြောင်း၊ ထိုဘဝမျိုးက လူသားတစ်ဦးအနေဖြင့် တွေ့ကြုံစရာရှိသည်များကို အလွန်နည်းသွားစေကြောင်း ခီလီယန်က ဆိုသည်။

သရုပ်ဆောင်ဘဝ ၊ အောင်မြင်ကျော် ကြားသည့်ဘဝကို ခီလီယန်က နှစ်သက်ပုံမ ပေါ်ပေ။သတင်းပေးအချို့အဆိုအရ ခီလီယန်သည် အလွန်တသီးတသန့်ဆန်သူ၊ မီဒီယာများနှင့် လူအာရုံစိုက်မှုများကို မုန်းသူဖြစ် သည်။ သို့သော် ၎င်းယုံကြည်ရသည့် မိတ်ဆွေများနှင့် ဆက်ဆံလျှင်မူ အဆင်ပြေပြီး ပျော်ပျော်နေတတ်သည်။

သရုပ်ဆောင်အလုပ်မှ လွဲလျှင် ခီလီယန်  နှစ်သက်သည့်အရာက ဂီတဖြစ်သည်။ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလိုသည့်အတွက် ၎င်းက လန်ဒန်မှ အိုင်ယာလန်သို့ မိသားစုလိုက် ပြောင်းနေခဲ့သည်။

ပြီးခဲ့့သည့် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ခီလီယန်က Oppenheimer  ဇာတ်ကားဖြင့် အကောင်းဆုံးဒရာမာ ဇာတ်ဆောင်မင်းသားဆုရပြီး ယင်းဇာတ်ကားကလည်း အကောင်းဆုံး ဇာတ်ကားဆု ရခဲ့သည်။        

Most Read

Most Recent