အမေရိကန်ရုပ်သံစတား ကင်ကာဒက်ရှီယန်နှင့် NFL ဘောလုံးကစားသမား အိုဒယ်လ်ဘက်ခမ်းဂျူနီယာတို့ တွဲနေသည်ဟု သတင်းထွက်နေ

အမေရိကန်ရုပ်သံစတား ကင်ကာဒက်ရှီယန်နှင့် NFL ဘောလုံးကစားသမား အိုဒယ်လ်ဘက်ခမ်းဂျူနီယာတို့ တွဲနေသည်ဟု သတင်းထွက်နေ
Photo: The Mirror US
Photo: The Mirror US
Published 9 February 2024

အမေရိကန်ရုပ်သံစတား၊ စီးပွားရေးလုပ်ငန်းရှင် ကင်ကာဒက်ရှီယန်က NFL ဘောလုံးကစားသမား အိုဒယ်လ်ဘက်ခမ်း ဂျူနီယာနှင့် တွဲနေပြီး ၎င်းတို့ဆက်ဆံရေးက  လေးနက်လာသည်ဟု သတင်းများထွက်လာ သည်။

သို့သော်အိုဒယ်လ်၏ ပင်ကိုယ်စရိုက်က ကာဒက်ရှီယန်နှင့်မတူ၊ သိုသိုသိပ်သိပ်နေရသည်ကို ကြိုက်သည့်အတွက် ၎င်းတို့ပတ်သက်မှုကိုလည်း လူအာရုံစိုက်မခံရအောင်  ကြိုးစားနေကြသည်ဟု သတင်းပေးတစ်ဦးက  US Weekly သို့ပြောသည်။

ကာဒက်ရှီယန်က အသက် ၄၃ နှစ်ဖြစ်ပြီး Baltimore Ravens  အသင်းမှ ကစားသမား အိုဒယ်လ်က အသက် ၃၁ နှစ်သာရှိသေးသည်။ကာဒက်ရှီယန်က ထင်ထင်ပေါ်ပေါ်နေရသည်ကို ကြိုက်ပြီး အိုဒယ်လ်ကမူ   ကြွားကြွားဝါ၀ါ မနေတတ်ပေ။

၎င်းတို့နှစ်ဦးသတင်းများက မနှစ်က စက်တင်ဘာတွင် စထွက်လာသည်။ချစ်သူ မော်ဒယ် လော်ရင်လိုလိုဝုဒ်နှင့်ပြတ်သွားပြီးနောက် အိုဒယ်လ်က ကာဒက်ရှီယန်နှင့် တွဲသွားတွဲလာလုပ်လာသည်ဟု ထိုစဉ်ကတည်းက သတင်းများထွက်လာသည်။

သို့သော် မိတ်ဆွေဆက်ဆံရေးသာဖြစ်ပြီး များသောအားဖြင့် အဖွဲ့လိုက် အပြင်ထွက်ကြခြင်းဖြစ်သည်ဟု နောက် သတင်းပေးတစ်ဦးက ပြောသည်။ဖေဖော်ဝါရီ ၂ ရက်ညက ပြု လုပ်သည့် ဂျေဇီး၏ ဂရမ်မီအကြိုပါတီပွဲသို့  ၎င်းတို့နှစ်ဦး တက်ရောက်ခဲ့ပြီး သိသာသည့် အချက်က တစ်ကိုယ်လုံးအနက်ရောင် ဆင်တူ ဝတ်လာကြခြင်းဖြစ်သည်။

ကားပါကင်တွင် ၎င်းတို့နှစ်ဦးတည်း တွေ့ခဲ့ကြသည်ဆိုသည့် တီးတိုးပြောသံများ လည်းရှိသည်ဟု TMZ ကပြောသည်။သို့သော် သေချာသည့် သတင်းမဟုတ်ပေ။

ကာဒက်ရှီယန်က ဘောလုံးကစားသမားတစ်ဦးနှင့် ယခုမှ ပထမဆုံးအကြိမ် သတင်းထွက်လာခြင်းမဟုတ်ပေ။ ၂၀၀၇ ခုနှစ်ကလည်း  New Orleans Saints ကစားသမား ရက်ဂျီဘုရ်ှနှင့် ငြိခဲ့ဖူးသည်။ကာဒက်ရှီယန် တွင် ခင်ပွန်းဟောင်း အဆိုတော် ကာညေးဝက်စ်နှင့်ရသည့် သားသမီးလေးဦးရှိသည်။ ဝက်စ်နှင့်ကွဲပြီးနောက် ဟာသသရုပ်ဆောင် ပိဒေးဗစ်ဆင်နှင့်တွဲပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်တွင် ပြတ်သွားကြသည်။ကာဒက်ရှီယန်သည် ဒေးဗစ်ဆင်နှင့်တွဲနေစဉ် တလျှောက်လုံး ဝက်စ်၏ တိုက်ခိုက်ပြောဆိုမှုကို ခံခဲ့ရသည်။

Most Read

Most Recent