တိုက်ပွဲဖော်ဆောင်နေတဲ့ EAO တွေကို ဘယ်လိုတုံ့ပြန်ဖို့ စီစဉ်နေသလဲ 

တိုက်ပွဲဖော်ဆောင်နေတဲ့ EAO တွေကို ဘယ်လိုတုံ့ပြန်ဖို့ စီစဉ်နေသလဲ 
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကို ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပစဉ်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကို ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပစဉ်
Published 4 February 2024

"လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" 

ထိုစကားကို ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) တွင် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အစည်းအဝေးတွင် တိုက်ပွဲများဖော်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။ 

နစကဥက္ကဋ္ဌ ပြောကြားချက်များထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖော်ဆောင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြောင်း ပါဝင်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖော်ဆောင်ခဲ့သည့် ကိုးကန့်အဖွဲ့ (MNDAA) နှင့် တအာင်းအဖွဲ့ (TNLA) ၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖော်ဆောင်နေသည့် ရခိုင်အဖွဲ့ (AA) ၊ ချင်းပြည်နယ်တွင် တိုက်ပွဲဖော်ဆောင်နေသည့် ချင်းအဖွဲ့ (CNF) ၊ ကယားပြည်နယ်တွင် တိုက်ပွဲဖော်ဆောင်နေသည့် ကရင်နီအဖွဲ့ (KNPP) ၊ ကရင်ပြည်နယ်တွင် တိုက်ပွဲဖော်ဆောင်နေသည့် ကရင်အဖွဲ့ (KNU) တို့နှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက ကျယ်ကျယ်ပြန့်ပြန့် ပြောကြားသွားသည်။ 

နစကဥက္ကဋ္ဌ ပြောကြားသွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် NCA လက်မှတ်ရေးထိုးထားသည့် CNF နှင့် KNU နှစ်ဖွဲ့ပါသော်လည်း အားလုံးကို သောင်းကျန်းသူအဖွဲ့ဟု သုံးနှုန်းသွားခဲ့သည်။ 

ထို့ပြင် ကချင်အဖွဲ့ (KIA) ၊ ရှမ်းအဖွဲ့ (SSPP) နှင့် ကရင်နီအဖွဲ့ (KNPP) ကိုလည်း PDF များကို အားပေးကူညီခဲ့ပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖော်ဆောင်စေခဲ့သည့် အဖွဲ့များအဖြစ် နစကဥက္ကဋ္ဌက ပြောဆိုသည်။ 

MNDAA အဖွဲ့သည် ကိုးကန့်ဒေသအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ "၀" ဒေသမှတစ်ဆင့် နမ့်တစ်ချောင်းကို ဖြတ်ကူးပြီး ချင်းရွှေဟော်မြို့ကို Drone များ အသုံးပြု၍ စတင်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ရန် ၂၀၂၂ ခုနှစ်ကတည်းက မဟာမိတ်အဖွဲ့များနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး မဟာမိတ်များထံမှ လိုအပ်သည့် လက်နက်ခဲယမ်းများ၊ အီလက်ထရွန်နစ်နည်းပညာနှင့် ငွေကြေးများ ရရှိခဲ့သည်။

MNDAA ၏ အဓိကရည်မှန်းချက်မှာ ကိုးကန့်ဒေသအတွင်း အထူးဒေသ (၁) အနေဖြင့် ဩဇာအာဏာ ပြန်လည်တည်ဆောက်လိုခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။ 

MNDAA အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အာဏာကို ဥပဒေနှင့်အညီ ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင် တိုက်ခိုက်သည့်နည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များထဲမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များမှာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြု ဆောင်ရွက်ပေးရမည်ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေကြောင်းနှင့် ယင်းအချက်များကို လျစ်လျူရှုမည်ဆိုပါက နောက်ခံအကြောင်းတစ်မျိုးမျိုးကြောင့် စစ်ဘုရင်ဝါဒကို အသက်သွင်းခြင်းသာ ဖြစ်မည်ဟု ယူဆရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

MNDAA အဖွဲ့က ချင်းရွှေဟော်မြို့နှင့် ကွမ်းလုံမြို့ကို တိုက်ခိုက်ချိန်တွင် ၎င်းတို့နှင့် မဟာမိတ်ပြုထားသည့် TNLA အဖွဲ့ကလည်း တစ်ပြိုင်နက်တည်း သိန္နီမြို့နှင့် ကွတ်ခိုင်မြို့တို့ကို တိုက်ခိုက်ခဲ့သည့်အပြင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ဒေသများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးပြီးဖြစ်သော်လည်း ထိုထက်ပို၍ အာဏာလိုချင်သဖြင့် TNLA အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

MNDAA နှင့် TNLA အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံသည်ဆိုပါက နိုင်ငံရေးလမ်းကြောင်းများမှ ညှိနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အရေးများစွာရှိသော်လည်း ယင်းအချက်ကို မျက်ကွယ်ပြုပြီး လက်နက်အားကိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အပြစ်တင်သည်။

ယင်းအဖွဲ့များအနေဖြင့် အိမ်နီးချင်းနိုင်ငံက Drone များကို ဝယ်ယူ၍ Drop Bomb များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချို့ Drone များသည် စစ်သုံးအဆင့် ပြုပြင်သုံးနိုင်သည်ကို တွေ့ရှိရသည်။ 

ယင်းအဖွဲ့များအနေဖြင့် နည်းပညာအသာစီးရယူကာ သာလွန်အင်အားဖြင့် တိုက်ခိုက်လာပြီး တပ်မိသားစုဝင်များကို အဓိကအန္တရာယ်ပြုလာခြင်းကြောင့် တပ်မတော်က အချို့နေရာများကို စွန့်ခွာပေးခဲ့ကြောင်း ၎င်းက ဝန်ခံသည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခြင်းသည် ကျားဖျန့် (ခေါ်) Online လိမ်လည်မှုများကြောင့် ဖြစ်ပြီး ပါဝင်ပတ်သက်သူများကို ဖော်ထုတ်၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသူများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကာအကွယ်ပေးထားသည့် နိုင်ငံခြားသားများဖြစ်ပြီး လက်နက်အားကိုးဖြင့် တရားမဝင်လုပ်ငန်းများ လုပ်နေသောကြောင့် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းအောင် ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။  

နစကအနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားနှင့် အခြားနိုင်ငံခြားသား ၅၀၀၂၀ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 

AA အဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်က တပ်မတော်နှင့် သဘောတူထားသည့် ယာယီတိုက်ခိုက်မှုရပ်စဲရေး သဘောတူထားသော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များ၌ ပါဝင်ကူညီတိုက်ခိုက်ခဲ့သည်။

ထိုသို့ပါဝင်တိုက်ရသည့် ရည်ရွယ်ချက်မှာ AA အနေဖြင့် မဟာမိတ်အဖွဲ့များထံမှ လက်နက်ထောက်ပံ့မှု လိုချင်သောကြောင့် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။ 

ထို့ပြင် AA အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲကင်းစခန်းငယ်တစ်ခုဖြစ်သည့် ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ 

ထို့နောက် Drone များ အသုံးပြုပြီး ပလက်ဝဒေသတွင်ရှိသည့် လုံခြုံရေးစခန်း နှစ်ခုနှင့် ပေါက်တောမြို့ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်မြေဒေသအချို့တွင် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။ 

ရခိုင်ပြည်နယ်တွင် AA က တိုက်ပွဲများ ဖော်ဆောင်နေသောကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းတက်နေသည့် ကျောင်းသားဦးရေ ၅၇၀၀၀၀ ကျော်ရှိရာမှ ၂၇၀၀၀၀ ကျော်သာ တက်ရောက်တော့သဖြင့် ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်မှု ဖြစ်ခဲ့ပြီး ဒေသခံကျောင်းသားကျောင်းသူများ၏ အနာဂတ်ကို ထိခိုက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

KNPP/KNDF အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစပြီး ကယားပြည်နယ် လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်နိုင်ရန်အတွက် KNPP/KNDF က လက်နက်/ ခဲယမ်းများကို ကြိုတင်စုဆောင်းရန် ကြိုးစားခဲ့သော်လည်း တပ်မတော်က ဖမ်းဆီးရမိခဲ့သည်။  

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု ဆော်တာကျေးရွာတွင်လည်းကောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ပင်လုံမြို့ ပန်မုန့်ကျေးရွာတွင်လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင်လည်းကောင်း သုံးကြိမ် ဖမ်းမိခဲ့ပြီး လက်နက်ငယ်မျိုးစုံ ၁၁၃၃ လက်၊ RPG ၁၀ လက်၊ ကျည်မျိုးစုံ တစ်သိန်းကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနှင့် အခြားသော လက်နက်/ ခဲယမ်း ဆက်စပ်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့သည်။ 

ထိုသို့ ကယားပြည်နယ်အတွင်း လက်နက်/ခဲယမ်းများ နည်းလမ်းမျိုးစုံအသုံးပြုပြီး ပို့ဆောင်လျက်ရှိသည်ကို ဖော်ထုတ်ဖမ်းဆီးရမိမှုများ ရှိခဲ့ခြင်းကြောင့် ကယားပြည်နယ်အတွင်းတွင် KNPP/KNDF အဖွဲ့နှင့် PDF များ၏ လုပ်ရပ်များကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။ 

NCA လက်မှတ်ရေးထိုးထားသည့် ချင်းအဖွဲ့ (CNF) နှင့် ကရင်အဖွဲ့ (KNU) တို့နှင့်ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားမှု ရှိခဲ့သည်။

NCA လက်မှတ်ရေးထိုးခဲ့သည့် EAO အဖွဲ့တစ်ခု ဖြစ်သော CNF အဖွဲ့သည် CDF အဖွဲ့များနှင့်ပေါင်းပြီး ချင်းပြည်နယ်အတွင်း တိုက်ပွဲများ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

CNF/CDF များ ဝင်ရောက်နေရာယူထားသည့် ထန်တလန်မြို့ကို တပ်မတော်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ထိန်းချုပ် တိုက်ခိုက်နိုင်ခဲ့သည်။  

CNF/CDF များအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင်ရှိသည့် ရိဒ်ခေါဒါရ်မြို့၊ မတူပီမြို့နယ်တွင်ရှိသည့် လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

လက်ရှိတွင်လည်း CNF များအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် ဒေသအတွင်း နယ်မြေတည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

ထို့ပြင် KNU အဖွဲ့အနေဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို အကြောင်းပြပြီး ဒေသအတွင်း တိုက်ပွဲများကို နည်းလမ်းပေါင်းစုံနှင့် ဖော်ဆောင်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ 

KNU အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို အကြောင်းပြုပြီး PDF များကို လေ့ကျင့်ထောက်ပံ့ပေးမှုများ ပြုလုပ်သည့်အပြင် တပ်မတော်တပ်စခန်းငယ်များ၊ မြဝတီမြို့နှင့် ကော့ကရိတ်မြို့များသို့ တိုက်ခိုက်လာကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၄ ရက်တွင် တပ်မတော်စခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုများရှိကြောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရောမြို့နယ်တွင်ရှိသည့် ချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁ ရက်ကလည်း KNU အဖွဲ့နှင့် PDF များအနေဖြင့် ကော့ကရိတ်မြို့၏ ရှစ်နေရာကို ထပ်မံလာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားသည်။  

KNU အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများအပြင် လူမှောင်ခိုမှုများ လုပ်ဆောင်နေသည်ကို အထောက်အထားများနှင့် တွေ့ရှိရခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ ဖမ်းဆီးနှိမ်နင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီး တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။  

ထို့ပြင် KNU အနေဖြင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖော်ဆောင်လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုလည်း ရှိခဲ့သည်။ 

NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့၏ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲဝိုင်းမှတစ်ဆင့် တောင်းဆိုရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးခဲ့သည်။ 

ထို့ပြင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ယွင်းပြီး မတည်မငြိမ်ဖြစ်စေရန် ဘက်ပေါင်းစုံမှ တိုက်ခိုက်လျက်ရှိသောကြောင့် ဒေသခံပြည်သူ့စစ်များ အပါအဝင် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်သူ့လုံခြုံရေးစနစ်ကို သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်ရန် စီမံလျက်ရှိပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ ဒေသအလိုက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်ကို သွားရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

"အရေးအကြီးဆုံးက ဒေသအလိုက်ရှိနေတဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ သတင်းကို ပေးဖို့ ဖြစ်ပါတယ်။ သတင်းပေးသူကိုလည်း အထူးလျှို့ဝှက်ပေးဖို့ လိုပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

လက်ရှိတွင် ပြည်သူ့လုံခြုံရေးစနစ်၌ ပါဝင်ရန် နိုင်ငံရေးပါတီအချို့နှင့် တိုင်းရင်းသားအဖွဲ့များက ပြောကြားမှုများ ရှိသည်ဟု ၎င်းက ဆိုသည်။  

EAO များရှိနေသည့်နေရာများနှင့် တည်ငြိမ်မှုမရှိသည့်နေရာများ၌ ပြည်သူ့ကာကွယ် ရေးဆောင်ရွက်ရန်အတွက် အမျိုးသားစစ်မှုထမ်းစနစ်ကို လတ်တလောအခြေ အနေအရ အကောင်အထည်ဖော်ရန် လိုအပ်မှုများရှိနေသောကြောင့် ပြည်သူ့လုံခြုံရေးစနစ်ကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။  

ရပ်ကွက်များအလိုက်၊ မြို့ရွာများအလိုက် အဆင့်ဆင့်လုံခြုံရေးဆိုင်ရာ သတင်းပေးမှုစနစ်များကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။ 

"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရနိုင်သမျှ နည်းလမ်းမျိုးစုံ အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု အပြည့်အဝပြန်လည်ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။