အော်စကာဆန်ခါတင်စာရင်းတွင် ပါမလာသည်ကို ဝမ်းမနည်းဘဲ ဒါရိုက်တာအတွက်သာ ဝမ်းနည်းမိဟု Barbie သရုပ်ဆောင် မားဂေါ့ရော့ဘီ ဖွင့်ဟ

အော်စကာဆန်ခါတင်စာရင်းတွင် ပါမလာသည်ကို ဝမ်းမနည်းဘဲ ဒါရိုက်တာအတွက်သာ ဝမ်းနည်းမိဟု Barbie သရုပ်ဆောင် မားဂေါ့ရော့ဘီ ဖွင့်ဟ
Published 1 February 2024

လာမည့်အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းထွက်လာပြီးနောက် ဇာတ်ဆောင်မင်းသမီးဆု လျာထားခံရသည့်အထဲ ပါမလာသည့်အပေါ် Barbie ဇာတ်ကား၏ ခေါင်းဆောင်မင်းသမီးမား ဂေါ့ရော့ဘီက ရေ ငုံနှုတ်ပိတ်နေခဲ့သော်လည်း ယခု၎င်း၏ခံစားချက်ကို ဖွင့်ထုတ်လိုက်ပြီဖြစ်သည်။ ရော့ဘီက  ဇာတ်ဆောင်မင်းသမီးဆုအတွက် အဆိုပြုမခံရသည်ကို ဝမ်းမနည်းကြောင်း၊ သို့သော် Barbie ဒါရိုက်တာ ဂရတ်တာဂါးဝစ်အတွက် ဝမ်းနည်းမိကြောင်း ပြောပြလာသည်။

ကမ္ဘာတဝန်းရုံတင်ပြသစဉ်က ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရသည်အထိ အောင်မြင်ခဲ့သည့် Barbie ဇာတ်ကားသည် ဆန်ခါတင်စာရင်းတွင် ဆုရှစ်ဆုလျာထားခံရသည်။ သို့သော် ဇာတ်ကား၏ အခရာအကျဆုံးသူ နှစ်ဦးဖြစ်သည့် ဒါရိုက်တာဂါးဝစ်နှင့် ခေါင်းဆောင်မင်းသမီးရော့ဘီက ဒါရိုက်တာဆုနှင့် ဇာတ်ဆောင်မင်းသမီးဆု တို့  အဆိုပြုမခံရဘဲ ဂါးဝစ်က ဇာတ်ညွှန်းဆု၊ ရော့ဘီက ထုတ်လုပ်သူ ပရိုဂျူဆာဆုသာ လျာထားခံရသည်။ တွဲဖက်မင်းသမီး အမေရိက ဖရယ်ရာနှင့် မင်းသားရိုင်ယန်ဂေါ့စလင်းတို့ပင် ဇာတ်ပို့မင်းသမီး၊ မင်းသားဆုများ လျာထားခံရသည်။

ဇန်နဝါရီ ၃၁ ရက်တွင် ရော့ဘီက ပူးတွဲသရုပ်ဆောင်များနှင့် ဆွေးနွေးမှုတစ်ရပ်တွင် ၎င်းအော်စကာ အမှန်းမခံရသည်ကို ဝမ်းမနည်း၊ Barbie ကို ပရိသတ်၏တုံ့ပြန်မှုက အကြီးမားဆုံးဆုဖြစ်ကာ ဂါးဝစ်က ဒါရိုက်တာ ဆုဆန်ခါတင်ပါသင့်ပြီး စာရင်းတွင် ပါမလာသည်ကိုမူ ဝမ်းနည်းမိသည်ဟု ပြောသည်။

Barbie ကို ကမ္ဘာတဝန်း ရုံတင်ပြသရာမှ ရလာသည့်ဝင်ငွေသည် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၃၈ ဘီလျံရှိခဲ့ပြီး Super Mario Bros Movie က ၂၀၂၃ ခုနှစ်၏အအောင်မြင်ဆုံး ဇာတ်ကားဖြစ်လာလိမ့်မည်ဆို သည့် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်ကို မှားစေခဲ့သည်။

၂၀၂၃ အော်စကာဆုပေးပွဲတွင် ဇာတ်ဆောင်မင်းသမီးဆုရသည့် မလေးရှားမင်း သမီးမစ်ရှဲယိုကလည်း ၎င်း၏စိတ်ပျက်မှုကို ပြခဲ့သည်။“Barbie ကို အကောင်းဆုံးဇာတ်ကားဆု လျာထားတာကိုတော့ ဝမ်းသာပါ တယ်။ဒါပေမဲ့ ဒါရိုက်တာဆုနဲ့ ဇာတ်ဆောင် မင်းသမီးဆု စဉ်းစားမခံရဘဲ ဇာတ်ကားဆုက ဆန်ခါတင် ဘယ်လိုပါသွားပါလိမ့်။ ပရိသတ်အကြိုက်ဆုံး ဇာတ်ကားတွေထဲ ပါလျက်နဲ့။ စိတ်မကောင်းဘူး” ဟု ယိုကဆိုသည်။

Most Read

Most Recent