LA ရှိ အိမ်ခြံဝင်းတစ်ခုလုံးကို နှင်းအတုများဖြင့် အလှဆင်ခဲ့သည့် ကင်ကာဒက်ရှီယန် ပိုက်ဆံဖြုန်းသူ၊ ကြွားဝါလွန်းသူဟု ဝေဖန်ခံရ

LA ရှိ အိမ်ခြံဝင်းတစ်ခုလုံးကို နှင်းအတုများဖြင့် အလှဆင်ခဲ့သည့် ကင်ကာဒက်ရှီယန် ပိုက်ဆံဖြုန်းသူ၊ ကြွားဝါလွန်းသူဟု ဝေဖန်ခံရ
Published 3 January 2024

အမေရိကန်ရုပ်သံစတား၊ စီးပွားရေးလုပ်ငန်းရှင် ကင်ကာဒက်ရှီယန်သည် လော့စ်အိန်ဂျလိစ်ရှိ ဒေါ်လာသန်း ၆၀ တန်ခြံဝင်းတစ်ခုလုံးကို နှင်းအတုများဖြင့် လွှမ်းမိုးအလှဆင်ထားမှုကြောင့် ပရိသတ်၏ဝေဖန်ပြောဆိုမှုကို ခံနေရသည်။

နှစ်သစ်ကူးအကြိုနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် ကင်က “winter wonderland” ဆိုသည့် ဗီဒီယိုတစ်ခုကို အင်စတာဂရမ်တွင်ချပြခဲ့ပြီး အမြဲစိမ်းပင်များ၊ နှင်းများဖြင့် ခြံဝင်းတစ်ခုလုံးကို  အံ့ဖွယ်အလှဆင်ထားသည်ကို မြင်ရသည်။ ထိုဗီဒီယိုကြောင့် ကင်သည် အခြားသူများ လိုအပ်နေချိန် သူမည်မျှချမ်းသာသည်ကို ထုတ် ကြွားသူဟု ပရိသတ်က မြင်လာကြသည်။

မှတ်ချက်ရေးသည့်နေရာတွင် ပရိသတ်က “ဒီဟာတွေအတွက် သုံးမဲ့ပိုက်ဆံက လူအများကို ကူညီလို့ရတယ်” ၊ “ဒီလိုအရေးမပါတဲ့ အရာတွေမှာသုံးတဲ့ပိုက်ဆံနဲ့ တကယ်လိုအပ်နေတဲ့ သူတွေကို ကူညီလို့ရတယ်” ၊ “ဒီမှာကုန် တဲ့ ပိုက်ဆံတွေနဲ့ ဆင်းရဲတဲ့မိသားစု ၁၀၀ ကို  လှူလို့ရတယ်” စသဖြင့်မှတ်ချက်များရေးခဲ့ကြသည်။ အချို့ကလည်း ကင်၏လုပ်ရပ်သည် သိပ်ကိုဖြုန်းတီးရာကျပြီး ကင်သည် ပြင်ပလောကနှင့် ကင်းကွာနေသူဟု ပြောကြသည်။

Skims အမျိုးသမီးအတွင်းခံလုပ်ငန်း တည်ထောင်သူ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ကင်ကာဒက်ရှီယန်သည် ဒီဇင်ဘာအားလပ်ရက်အတွက် သူတို့မိသားစု မည်သို့ခမ်းခမ်းနားနား ပြင်ဆင်ထားသည်များကို ဒီဇင်ဘာ တစ်လလုံး ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။ အိမ်၌ဆင်ထားသည့် Chanel ခရစ္စမတ်သစ်ပင်ကို  ကင်နှင့်အကြီးဆုံးသမီး နော့ဝက်စ်တို့က ဒီဇင်ဘာ ၇ ရက်တွင် Tik Tok မှပြသခဲ့သည်။

ထို့ပြင် (ခင်ပွန်းဟောင်း ကာညေးဝက်စ်နှင့်ရခဲ့သည့်) သားသမီးလေးဦးအတွက် ကင်က သူ့ရေချိုးကန်ကို ခရစ္စမတ်အထိမ်းအမှတ် ချောကလက်များဖြင့် အလှဆင်ပေးခဲ့သည်။

ကင်သည် ကာညေးဝက်စ်နှင့်ကွဲပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် သိကျွမ်းခဲ့သည့် ဟာသသရုပ်ဆောင် ပိဒေးဗစ်ဆင်နှင့် တွဲခဲ့သည်။သို့သော် ၂၀၂၂ ခုနှစ်၊ သြဂုတ်တွင် ပြတ်သွားကြသည်။

သူတို့နှစ်ဦးတွဲနေစဉ်တစ်လျှောက်လုံး ကာညေးဝက်စ်၏ တိုက်ခိုက်ပြောမှုကို ခံခဲ့ရသည်။ သို့သော်ပြတ်ပြီး တစ်လအကြာ ကင်က ဒေးဗစ်ဆင်သည် လူကောင်းတစ်ဦးပါဟု  Interview မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ထည့် ပြောသွားခဲ့သည်။

Most Read

Most Recent