Dunki  ဇာတ်ကား ပရိုမိုးရှင်းအတွက် ဒူူဘိုင်းသို့ရောက်လာသည့် ရှာရွတ်ခန်းအတွက် ဒရုန်းတင်ဆက်မှုပြုလုပ်

Dunki  ဇာတ်ကား ပရိုမိုးရှင်းအတွက် ဒူူဘိုင်းသို့ရောက်လာသည့် ရှာရွတ်ခန်းအတွက် ဒရုန်းတင်ဆက်မှုပြုလုပ်
Published 20 December 2023

Dunki ရုံတင်ဇာတ်ကား ပရိုမိုးရှင်းအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဒူဘိုင်းသို့ ရှာရွတ်ခန်းရောက်လာခဲ့ပြီး သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် ဒူဘိုင်းကောင်းကင်ယံတွင် ဒရုန်းအလှပြ တင်ဆက်မှုများပြုလုပ်ခဲ့ကြသည်။ Dunki သည် ၂၀၂၃ ခုနှစ်အတွက် ခန်း၏ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်သည်။

ဒရုန်းများက ရှာရွတ်ခန်း၏နာမည်၊ သူ ပြုလုပ်လေ့ရှိသည့် အမူအရာပို့စ်တစ်ခုတို့ကို  ပုံဖော်ခဲ့ပြီး ကမ္ဘာကျော်ဘာ့ဂျ်ခါလီဖာ မိုးမျှော်တိုက်ပေါ်တွင်လည်း Dunki ဇာတ်ကားအမြည်းကို ပြထားခဲ့သည်။ အားလုံးသောပရိုမိုးရှင်းပြသမှုများကို ရှာရွတ်ခန်းကိုယ်တိုင် ကြည့်ရှုအားပေးခဲ့သည်။အွန်လိုင်းပေါ်ပျံ့လာသည့် ဓာတ်ပုံ၊ဗီဒီယိုများအရ ခန်းက အမဲရောင်တီရှပ်နှင့်ဂျင်းဘောင်းဘီကို အနီရောင်ဂျာကင်နှင့် တွဲဝတ်ထားသည်။နေကာမျက်မှန်လည်းပါသည်။

Dunki ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာတစ်ဝန်းစတင် ရုံတင်ပြသသွားမည်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ရှာရွတ်ခန်း၊ တက်ပ်ဆီးပန်နူး၊ ဗစ်ကီကော်ရှယ်၊ ဗစ်ခရမ်ကိုချာ၊ အန်နီဂရိုဗာ တို့ ပါဝင်ထားသည်။ Donkey Flights ခေါ် တရားမဝင်ရွှေ့ပြောင်း နေထိုင်နည်းကို အခြေခံကာ လန်ဒန်တွင်အ ခြေချကောင်းစားလိုသည့် သူငယ်ချင်းလေးဦးအကြောင်း ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။မင်းသမီးတက်ပ်ဆီးနှင့် ခန်း ပထမဆုံးတွဲရိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း မွေးနေ့များကို တိတ်တဆိတ်ဖြတ်သန်းလာခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်သည် ရှာရွတ်ခန်းအတွက် အထူးအောင်မြင်သည့်နှစ်ဖြစ်သည်။ ယခုနှစ်အတွင်း  သူပါသည့် Pathaan နှင့် Jawan  ရုံတင်ကား နှစ်ကားစလုံး အောင်မြင်ထားသည်။ နိုဝင်ဘာ ၂ ရက်တွင် ခန်း၏အသက် ၅၈ နှစ်ပြည့် မွေး နေ့ပါတီကို အိန္ဒိယရုပ်ရှင်လောကသားများနှင့် အကြီးအကျယ်ကျင်းပခဲ့ပြီး မွေးနေ့ပွဲပါတီထက်  ၂၀၂၃  အတွင်း သူ့အောင်မြင်မှုများကို အောင်ပွဲခံသည့်ပါတီဟုဆိုလျှင် ပိုမှန်မည်။

Jawan ဇာတ်ကားကို စက်တင်ဘာ ၇ ရက်တွင် ကမ္ဘာတစ်ဝန်းစရုံတင်ခဲ့ရာ ခြောက်ရက်အတွင်း အိန္ဒိယရူပီးကုဋေ ၆၀၀ ကျော်ရခဲ့ပြီး အိန္ဒိယတွင်မူ စပြသည့်နေ့မှငါးရက်တည်းဖြင့် ရူပီး ၃၁၉ ကုဋေရကာ ကုဋေ  ၃၀၀ တန်းဝင် ဟင်ဒီဇာတ်ကားများစာရင်းထဲ အချိန်အမြန်ဆုံးဖြင့် ပါဝင်လာသည့် ဇာတ် ကားဖြစ်လာသည်။Pathaan  ဇာတ်ကားကလည်း ရုံစတင်ချိန်မှ ခုနစ်ရက်အတွင်း ထိုစံချိန်ကိုရောက်ခဲ့ကာ ခန်းနှင့်တွဲဖက်မင်းသမီးက ဒီပီကာပါဒူကွန်ဖြစ်သည်။

 

Most Read

Most Recent