အက်စတွန်ဗီလာအသင်း၏ ကွင်းလယ်ကစားသမား ဂျာကော့ဘ်ရမ်ဆေးက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည့် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ အိမ်ကွင်းပုံစံကောင်းကို အဝေးကွင်းမှာလည်း ပြသနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ထိပ်ဆုံး(၄)သင်းစာရင်း မဝင်နိုင်စရာမရှိပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသင်းတွေအများကြီး တိုက်ပွဲဝင်နေကြပေမဲ့ ကျွန်တော်တို့လည်း ရနိုင်ပါတယ်။ ကျွန်တော်တို့ ဒါကို အဓိကပစ်မှတ်ထားသင့်ပါတယ်"ဟု ဂျာကော့ဘ်ရမ်ဆေးက ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ကစားပြီးချိန်တွင် ၁၁ ပွဲ နိုင် ၂ ပွဲ သရေ ၃ ပွဲရှုံးထားပြီး ရမှတ် ၃၅ မှတ်ဖြင့် အဆင့် ၃ နေရာ၌ ရပ်တည်နေလျက်ရှိသည်။
ယခုရာသီတွင် ထိပ်တန်းအဆင့်ခြေစွမ်းပြသနေသည့် အက်စတွန်ဗီလာအသင်းသည် နည်းပြအူနိုင်းအမ်မရီလက်ထက်တွင် အသင်းကြီးများကိုခြိမ်းခြောက်နိုင်သည့် အနေအထားသို့ရောက်ရှိနေပြီး လက်ရှိတွင် အမှတ်ပေးဇယားဒုတိယနေရာမှ အာဆင်နယ် အသင်းနှင့် ၁ မှတ်၊ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ၂ မှတ်သာကွာဟလျက်ရှိသည်။
အက်စတွန်ဗီလာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း (၈) ပွဲကစားထားရာတွင် (၈) ပွဲစလုံး အနိုင်ထားရသည်။