တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေပြီး ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင် တိုက်ပွဲများဖြစ်နေမည်ဆိုပါက ၎င်းဒေသများ၌ လူ့အခွင့်အရေးများသည် မှေးမှိန်အားနည်းနေမည်ကို သတိထားရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား

တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေပြီး ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင် တိုက်ပွဲများဖြစ်နေမည်ဆိုပါက ၎င်းဒေသများ၌ လူ့အခွင့်အရေးများသည် မှေးမှိန်အားနည်းနေမည်ကို သတိထားရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 11 December 2023

တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေပြီး ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုပါက ၎င်းဒေသများ၌ လူ့အခွင့်အရေးများသည် မှေးမှိန်အားနည်းနေမည်ကို သတိထားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပသည့် (၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် တက်ရောက်အမှာစကားပြောကြားရာ၌ နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နစကဒုတိယဥက္ကဋ္ဌက ယနေ့အချိန် ကမ္ဘာကြီးတွင်စစ်မက်ဖြစ်ပွားမှုနှင့် မငြိမ်းချမ်းမှုများ၊ နိုင်ငံအချင်းချင်း အားပြိုင်မှုများနှင့် စွက်ဖက်ခြယ်လှယ် ကျူးကျော်လိုမှုများ၊ ကပ်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် ယင်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် လူသားများ၏ အခြေခံလူ့အခွင့်အရေးများ ထိပါးခံနေရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးတို့သည် အပြန်အလှန်ပတ်သက်ဆက်နွှယ်မှုရှိနေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိမှသာ လူသားများ အေးအေးချမ်းချမ်းနှင့် အဆင်ပြေပြေ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝမြင့်မားကာ အခြေခံလူ့အခွင့်အရေးများကိုလည်း ပိုမိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကိုခံစားရရှိပြီး လူမှုဘဝမြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းမှုရှိရေးသည် အဓိကကျကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဆိုပါအချက်ကို ကောင်းစွာသိရှိနားလည်သည့်အတွက် နိုင်ငံအတွင်းဆူပူ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ လျော့နည်းပပျောက်ပြီး ငြိမ်းချမ်းမှုများရရှိအောင် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့်ပစ္စုပ္ပန်ကို မျှော်မှန်းတည်ဆောက်လျက်ရှိပြီး နိုင်ငံရေးရည်မှန်းချက်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းသည် ငြိမ်းချမ်းရေးတည်‌ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းကိုအထောက်အကူဖြစ်စေသလို ငြိမ်းချမ်းရေးသည်လည်း နိုင်ငံသားများ လူ့အခွင့်အရေးများ အပြည့်အဝခံစားခွင့်ရရှိရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် လူ့အခွင့်အရေးကို ရိုသေလေးစားကြရန်နှင့် အခြေခံလူ့အခွင့်အရေးများ ရရှိရန် မည်မျှပင် တိုက်တွန်းကြိုးပမ်းကြသော်လည်း တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေလျှင်၊ ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုလျှင် အဆိုပါဒေသများတွင် လူ့အခွင့်အရေးများသည်လည်း မှေးမှိန်အားနည်းနေမည်ကို သတိထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကတိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် တိုင်းရင်းသားပြည်သူအားလုံးက ပါဝင်ဆောင်ရွက်မှသာ ငြိမ်းချမ်းသာယာဝပြောသည့် လူ့ဘောင်တွင် လူ့အခွင့်အရေးများ ရှင်သန်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိမှသာလျှင် နိုင်ငံသားအားလုံး၏အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် သက်ဆိုင်သူအားလုံးက ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း၊ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် ပြည်သူများ၏ လူ့အခွင့်အရေးကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရာရောက်ကြောင်း ၎င်းက ပြောကြားသည်။

လူ့အခွင့်အရေးသည် လူသားအားလုံး ရပိုင်ခွင့်ရှိသည့် ပစ်ပယ်၍မရသော မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ သို့သော်မိမိတို့၏ အခွင့်အရေးကိုရရှိခံစားရာတွင် သူတစ်ပါး၏ အခွင့်အရေးများကိုလည်း လေးစားတန်ဖိုးထားပြီး ထိခိုက်ဆုံးရှုံးနစ်နာမှုမရှိအောင် ကျင့်သုံးမှသာ လူ့အခွင့်အရေးဆိုသည့် အနှစ်သာရနှင့် အဓိပ္ပါယ်သည် ပေါ်လွင်နေမည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများစွာနှင့် ပေါင်းစည်းတည်ထောင်ထားသည့် မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦးအချင်းချင်း အပြန်အလှန်လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားကာ အခွင့်အရေးနှင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိမြင်ကျင့်သုံးဆောင်ရွက်ရန် လိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်မှတာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။