Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၃ ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ဘီယွန်းဆေး၊ တေလာဆွစ်နှင့် ရီဟားနားတို့ပါဝင်

Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၂၃ ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ဘီယွန်းဆေး၊ တေလာဆွစ်နှင့် ရီဟားနားတို့ပါဝင်
Austine Medai
Austine Medai
Published 7 December 2023

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ကို Forbes မဂ္ဂဇင်းက စာရင်းပြုစုထားရာ မီဒီယာနယ်ပယ်မှ တေလာဆွစ်၊ ရီဟားနားနှင့် ဘီယွန်းဆေးတို့ ပါဝင်ထားသည်။

စီးပွားရေး ၊ နည်းပညာ ၊ ဘဏ္ဍာရေး ၊ မီဒီယာနှင့်ဖျော်ဖြေရေး ၊ နိုင်ငံရေး ၊ ပရဟိတ  စသည့်နယ်ပယ်ခြောက်ခုအတွင်းမှ အတော်ဆုံးအမျိုးသမီးများကို ရွေးချယ်ထားခြင်းဖြစ်ပြီး ပေါ့စတားတေလာဆွစ်က မနှစ်ကနှင့်ယှဉ်လျှင် အတော်ပင်အဆင့်တက်လာခဲ့သည်။

၂၀၂၂ ခုနှစ် အဆိုပါစာရင်းတွင်ဆွစ်က အဆင့် ၇၉ ဖြစ်ပြီး ၂၀၂၃ စာရင်းတွင် အဆင့်ငါးဖြင့် Top 5 ဝင်ခဲ့သည်။

ဘီယွန်းဆေးက အဆင့် ၃၆ ဖြစ်ပြီး နာမည်ကျော်အစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးက အဆင့် ၃၁ ၌ ရပ်တည်နေသည်။ ရီဟားနားက အဆင့် ၇၄ တွင်ရှိသည်။

စာရင်း၏ထိပ်ဆုံးနေရာကို ရယူထားသူက ဂျာမနီနိုင်ငံသားခံယူထားသည့် ဥရောပကော်မရှင် လက်ရှိဥက္ကဌ အာဆူလာဗွန်ဒါ လေယန်ဖြစ်သည်။ဒုတိယနေရာတွင်ရှိနေသူက ဥရောပဗဟိုဘဏ်ဥက္ကဌ ခရစ္စတင်းလဂတ်  ဖြစ်ပြီး အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟားရစ်က တတိယနေရာတွင် ရပ်တည်နေ သည်။စတုတ္ထအဆင့်ကို အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမလိုနီက ရယူထားပြီး ပဥ္စမနေရာတွင် တေလာဆွစ်က ရပ်တည်နေသည်။

ပရဟိတနယ်ပယ်တွင် ထင်ရှားသည့် ဘီလျံနာသူဌေးဘီလ်ဂိတ်စ်၏ ဇနီးဟောင်း မလင်ဒါဖရန့်ဂိတ်စ်က အဆင့် ၁၀ တွင်ရှိသည်။သမားရိုးကျမဟုတ်သည့် ရွေးချယ်မှုဖြင့် အဆင့် ၁၀၀ တွင်ရှိနေသူက ဘာဘီရုပ် ဖြစ်သည်။ Forbes ၏အမျိုးသမီး ၁၀၀ စာရင်းတွင် ဘာဘီက ပထမဆုံးရွေးချယ်ခံရသည့် စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်လာသည်။

Most Read

Most Recent