Avatar-3  ဇာတ်ကားကို ၂၀၂၅ ခုနှစ် ခရစ္စမတ်တွင်ရုံတင်မည်ဟု ဒါရိုက်တာဂျိမ်းစ်ကင်မရွန်း ကြေညာ

Avatar-3  ဇာတ်ကားကို ၂၀၂၅ ခုနှစ် ခရစ္စမတ်တွင်ရုံတင်မည်ဟု ဒါရိုက်တာဂျိမ်းစ်ကင်မရွန်း ကြေညာ
Photo: The Direct
Photo: The Direct
Published 1 December 2023

ကမ္ဘာကျော်တိုင်တန်းနစ်ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့သူ ကနေဒါရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက Avatar:The Way of Water  နောက်ဆက်တွဲဇာတ်ကားဖြစ်သည့် Avatar 3  ကို ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်တွင် ရုံ တင်မည်ဟု ကြေညာလိုက်သည်။

TV New Zealand နှင့်အင်တာဗျူးတွင် ကင်မရွန်းက “ ဇာတ်ကားရိုက်ပြီးသွားလို့ ပြင် ဆင်တည်းဖြတ်မှုတွေအတွက် နှစ်နှစ်အလုပ်များပါမယ်။ဒီတော့ ၂၀၂၅ ခရစ္စမတ် ရုံပေါ်ရောက်လိမ့်မယ်” ဟုပြောသွားသည်။

နဂိုက Avatar 3  ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြရန်လျာထားခဲ့သည်။သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာမှ ရုံတင်တော့မည်ဟု ဒစ္စနေကုမ္ပဏီက မနှစ်က ကြေညာခဲ့သည်။ Avatar 4 ကို ၂၀၂၉ ခုနှစ်၊ ဒီဇင်ဘာ ၊ Avatar 5 ကို ၂၀၃၁ ခုနှစ်၊ ဒီဇင်ဘာတွင် ရုံတင်မည်ဟုလည်း တဆက်တည်းကြေညာခဲ့သည်။

၂၀၀၉ ခုနှစ်က Avatar မူရင်းရုပ်ရှင်သည် ရုံတင်ပြသမှုတွင် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး visual effect ဆုအပါအဝင်  အော်စကာဆုသုံးဆု ဆွတ်ခူးခဲ့သည်။

Avatar 2  က မူရင်းဇာတ်ကားထွက်ပြီး ၁၃နှစ်အကြာမှ ထွက်လာခြင်းဖြစ်ပြီး ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကား များသမိုင်းတွင် အကြန့်ကြာဆုံး နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်သည်။

Avatar 2  က သုံးနာရီနှင့် ၁၂ မိနစ် ကြာမြင့်ချိန်ရှိသည်။သို့သော် ဂျိမ်းစ်ကင်မရွန်းအတွက် ကြာမြင့်ချိန်အရှည်ဆုံးဇာတ်ကား မဟုတ်သေးပေ။ Titanic  ဇာတ်ကားက  သုံးနာရီနှင့် ၁၅ မိနစ်ရှိသည်။ Avatar 2  တွင် မူရင်းဇာတ်ကားမှ သရုပ်ဆောင်များအပြင် ကိတ်ဝင်းစလက်လည်း ပါဝင်ခဲ့သည်။ Titanic ရုပ်ရှင်ရိုက်ကူးပြီးနောက်ပိုင်း ကိတ်ဝင်းစလက်နှင့် ကင်မရွန်းတို့ ပထမဆုံး ပြန်လက်တွဲရိုက်ခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။

ရေငုပ်အသက်အောင့်ရသည့်  ဇာတ်ဝင်ခန်းများပါခဲ့ပြီး ဇာတ်ကားလိုအပ်ချက်အရ ကိတ်က ခုနစ်မိနစ်နှင့် ၁၅ စက္ကန့် ရေငုပ်သရုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် Mission: Impossible-Rogue Nation ဇာတ်ကားအတွက် ခြောက်မိနစ်အသက်အောင့် သရုပ်ဆောင်ခဲ့သည့် တွမ်ခရုစ်၏ စံချိန်ကိုကျော်ခဲ့သည်။ သို့သော်၂၀၂၃ အော်စကာဆုပေးပွဲတွင် Avatar 2  က Visual Effects ဆုနှင့်သာ ကျေနပ်ခဲ့ရသည်။

နိုင်ငံခြားဇာတ်ကားများ ပြသခွင့်ရရန် မလွယ်သည့်၊အရေအတွက် အကန့်အသတ်ဖြင့်သာ  ပြသခွင့်ပြုသည့်  တရုတ်ပြည်မကြီးတွင် Avatar 2  က ပြသခွင့်ရခဲ့သည်။

 

 

Most Read

Most Recent