၂၀၂၃ ခုနှစ် ကမ္ဘာတစ်ဝန်း အားကျစရာနှင့်လွှမ်းမိုးမှုရှိသည့် ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်

၂၀၂၃ ခုနှစ် ကမ္ဘာတစ်ဝန်း အားကျစရာနှင့်လွှမ်းမိုးမှုရှိသည့် ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်
Published 26 November 2023

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းက အားကျစရာ အဖြစ်ဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းကို ဘီဘီစီက ထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းတွင် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်ခဲ့ကြောင်း သိရသည်။

ဘီဘီစီ၏ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းသည် ကမ္ဘာ့တစ်ဝန်းရှိ ကဏ္ဍအသီးသီးမှ လွှမ်းမိုးမှုရှိပြီး ထင်ရှားသည့် အမျိုးသမီးများကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိရာ ယခုနှစ်အတွက် စာရင်းတွင် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်လာခြင်းဖြစ်သည်။

သရုပ်ဆောင် ခိုင်နှင်းဝေသည် လမ်းဘေးတွင် စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ်များ၊ မိဘမဲ့ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်း၊ မွေးစားခြင်းများကို ထဲထဲဝင်ဝင် လုပ်ဆောင်နေသည့် ပရဟိတသရုပ်ဆောင်တစ်ဦးလည်း ဖြစ်သည်။

သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သည် ခိုင်နှင်းဝေသည် ၁၉၉၉ ခုနှစ်တွင်  ‘‘ဆန်ရေ” ရုပ်ရှင်ကားတွင် ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ လူသိများ ထင်ရှားလာခဲ့ပြီး ကျွန်မက မဟေသီ ရုပ်ရှင်ဇာတ်ကားကြီး၊ တုနှိုင်းမရတဲ့ မေတ္တာ ဇာတ်လမ်းတွဲ တို့ဖြင့်လည်း ထင်ရှားသည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။

ထို့နောက် သရုပ်ဆောင်ခိုင်နှင်းဝေကို အလှူအတန်းနှင့် ပရဟိတလုပ်ငန်းများတွင် ထဲထဲဝင်ဝင် လုပ်ကိုင်နေသူအဖြစ် ပိုလူသိများလာခဲ့ပြီး မိဘမဲ့နှင့် စွန့်ပစ်ခံရတဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်မှုအပါအဝင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက်၂၀၁၄ ခုနှစ်တွင် ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကို ဖွဲ့စည်းထူထောင်ခဲ့ကြောင်း ဘီဘီစီ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုတွင် အကြောင်းအမျိုးမျိုးကြောင့် မိဘများက ပြုစုစောင့်ရှောက်မှု ဆက်မလုပ်နိုင်တော့သည့် ကလေးငယ် ၁၀၀ ဝန်းကျင်ကို သူ၏ပရဟိတလုပ်ငန်းများကနေတဆင့် စောင့်ရှောက်ထားကြောင်း၊ သရုပ်ဆောင် ခိုင်နှင်းဝေသည် ကလေးသူငယ်လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာသံတမန်အဖြစ်လည်း ဆက်လက်ထမ်းဆောင်နေကြောင်း သိရသည်။

ဘီဘီစီ ၂၀၂၃ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် သက်ဆိုင်ရာလူမှုအသိုက်အဝန်းတွေကို ကူညီရေး အလုပ်လုပ်ခဲ့ကြသည့်အမျိုးသမီးများကို ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် မီးမောင်းထိုးပြထားပြီး ရာသီဥတုပြောင်းလဲမှုအရေးဦးဆောင်လှုပ်ရှားနေသူ ၂၈ ဦးကိုလည်း ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

အဆိုပါစာရင်းတွင် ကမ္ဘာတစ်ဝန်းထင်ရှားသူများဖြစ်ကြသည့် အမေရိကန်သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမား၊ လူ့အခွင့်အရေး ရှေ့နေ အမယ်လ်ကလူနီ၊ ဟောလိဝုဒ် ငွေကြယ်ပွင့် အမေရိကားဖရဲရာ၊ အမျိုးသမီးအရေးဆောင်ရွက်သူ ဂလိုရီယာ စတိုင်နန်၊ အလှကုန်စီးပွားရေးလုပ်ငန်းရှင် ဟူဒါခထန်နှင့် ရွှေဘောလုံးဆုရှင် ကစားသမား အိုက်တာနာဘွန်မာတီတို့ ပါဝင်ကြောင်းသိရသည်။

Most Read

Most Recent