မူးယစ်ဆေးသုံးမှုအတွက် ဂျီဒရက်ဂွန်၏ ဆံပင်နှင့် လက်သည်းခြေသည်းများကို စစ်ဆေးထားရာ အဖြေ Negative  ပြ

မူးယစ်ဆေးသုံးမှုအတွက် ဂျီဒရက်ဂွန်၏ ဆံပင်နှင့် လက်သည်းခြေသည်းများကို စစ်ဆေးထားရာ အဖြေ Negative  ပြ
Published 23 November 2023

မူးယစ်ဆေးထိန်းချုပ်မှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုဖြင့် သံသယရှိနေသည့် တောင် ကိုရီးယားအဆိုတော်ဂျီဒရက်ဂွန်၏ ဆံပင်နှင့် ခြေသည်းလက်သည်းများကို စစ်ဆေးထားရာ အဖြေ Negative သာ ထွက်လာသည်။

ဂျီဒရက်ဂွန်၏ဆံပင်ကို စစ်ဆေးမှုအဖြေ Negative  ပြပြီး နောက်တစ်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် လက်သည်းခြေသည်း စစ်ဆေးမှုကလည်း အလားတူအဖြေထွက်ကြောင်း မှုခင်းဆေးအဖွဲ့က အင်ချွန်းရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်ဟု ယွန်ဟပ်တောင်ကိုရီးယား သတင်းဌာနက ဖော်ပြသည်။

ဂျီဒရက်ဂွန်သည် နိုဝင်ဘာ ၆ ရက်က အင်ချွန်းရဲစခန်းသို့ သွားရောက်အစစ်ဆေးခံပြီး ဆီးစစ်ခဲ့စဉ်ကလည်း Negative ပြခဲ့သည်။ ရဲတပ်ဖွဲ့က ပိုတိကျသည့်အဖြေရရန် ဂျီဒရက်ဂွန်၏ အမွေးများကို စစ်ဆေးလိုသော်လည်း ဆံပင်မှလွဲပြီး ခန္ဓာကိုယ်အမွေးအများစုကို ရိတ်ထားရှင်းထားသည့်အတွက် ဆံပင်နှင့် လက်သည်းခြေသည်းများကိုသာ ယူစစ်လိုက်ရသည်။

အဖြေ Negative များထွက်လာသည့် သဘောက ဂျီဒရက်ဂွန်သည် ပြီးခဲ့သည့်နှစ်က မူးယစ်ဆေး မသုံးထားခြင်းဖြစ်နိုင်သည်ဟု ယွန်ဟပ်သတင်းက ဆိုသည်။ ဆံပင်ဆေးစစ်မှုက အချိန် ၁၂ လအတွင်း ဆေးသုံး၊ မသုံး ကိုသာ သိနိုင်ပြီး ခြေသည်းလက်သည်းများက ခြောက်လအတွင်း ဆေးသုံး၊ မသုံး အဖြေကို သာ ထုတ်ပေးနိုင်သည်။

ဂျီဒရက်ဂွန်က ခန္ဓာကိုယ်အမွေးများကို ရိတ်ထားခြင်းမှာ ဆေးစစ်မှုကိုရှောင်လွှဲရန် မဟုတ်ဘဲ  နဂိုကတည်းက ရိတ်တတ်သည့် အလေ့အကျင့်ကြောင့်ဟု ထွက်ဆိုခဲ့သည်။

အမှုမရင်ဆိုင်ရမီ ဧပြီကတည်းကလည်း  လေဆိပ်တွင် ရိုက်ယူထားသည် ့ဓာတ်ပုံများအရ ဘောင်းဘီတိုဝတ်ထားသည့် ဂျီဒရက်ဂွန် ၏ ခြေထောက်များသည် ပြောင်ချောနေခဲ့ပြီး     ဓာတ်ပုံအဟောင်းများတွင်လည်း ဂျီဒရက်ဂွန်၏ ခြေထောက်နှင့် ခန္ဓာကိုယ်နေရာအများစုသည် ချောမွတ်နေသည်။

Parasite  ဇာတ်ကားမင်းသား လီဆန်းဂျွန် ဂန်းနမ်းနိုက်ကလပ်တစ်ခုတွင် ဆေးခြောက်နှင့် စိတ်ကြွကဆေးသုံးမှုဖြင့် စစ်ဆေးခံနေရသည့် သတင်းထွက်လာပြီး ရက်ပိုင်းအကြာတွင် ဂျီဒရက်ဂွန်သတင်းထွက်လာခြင်း ဖြစ်သည်။

ကိုရီးယားတွင် မူးယစ်ဆေးနှင့်ပတ်သက် ၍ လူကုံထံများနှင့် အနုပညာရှင်များအကြား အစစ်ဆေးခံမှုများ စိပ်လာပြီး ယွန်ဟပ်ဖော်ပြချက်အရ ဂျီဒရက်ဂွန်နှင့် လီဆန်းဂျွန်အပါ အဝင် ၁၀ ဦး စစ်ဆေးခံနေရသည်။

Most Read

Most Recent