ဆောင်းရာသီနှင့် ကလေးကျန်းမာရေး

ဆောင်းရာသီနှင့် ကလေးကျန်းမာရေး
Published 12 November 2023
ဒေါက်တာလွင်သန့်

မိုးဥတုကုန်ဆုံးပြီး ဆောင်းရာသီ ရောက်လာပြီဆိုရင် နုနယ်သေးတဲ့ ကလေးငယ်တွေ ရာသီဥတုပြောင်းလဲမှုနဲ့အတူ ရောဂါဝေဒနာများ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆောင်းရာသီမှာ အသက်ငါးနှစ်အောက်ကလေးတွေအဖို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဥပမာ-ပန်းနာရင်ကျင်ရောဂါ၊ အဆုတ်ရောင်နမိုးနီးယား၊ အအေးမိနှာ စေးရောဂါတို့ အဖြစ်များကြပါတယ်။ သာမန်ဖျားတာအပြင် ရာသီတုပ်ကွေးတွေလည်း အဖြစ်များပါတယ်။ ဆောင်းတွင်းက ခြောက်သွေ့တဲ့အတွက် အရေပြားရောဂါအခံရှိရင်သည်အချိန်မှာ ဖြစ်ဖို့များပါတယ်။ နောက်ပြီး မျက်လုံးခြောက်တာ၊ ယားတာကတစ်ဆင့် မျက်လုံးနာတာလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ နောက်ဆုံးရာသီဥတုအေးလို့ နို့သိပ် မစို့တာ၊ ရေမတိုက်ဖြစ်တာတွေ စတာတွေလည်း ဖြစ်တတ်ပါတယ်။

မွေးကင်းစကနေ ငါးနှစ်အတွင်းကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေက ကလေးအတော်များများ အသွင်တူပါတယ်။ နှစ်နှစ်အောက်ကလေးတွေမှာ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေအဖြစ် များတတ်တယ်ဆိုပြီး လေ့လာမှုအရ သိရပါတယ်။ လမ်းလျှောက်တတ်ခါစ အရွယ်တွေမှာ အရေပြားရောဂါလိုမျိုး ကူးစက်ရောဂါတွေ ဖြစ်တာများတယ်။ လမ်းလျှောက်တတ်စဆိုရင်တော့ လျှောက်သွား၊ လျှောက်ကိုင်လို့ လက်ကတစ်ဆင့် ရောဂါပိုးမွှားတွေကူးစက်ဖို့ အခွင့်အလမ်းပိုများပါတယ်။

ကလေးဘဝ ကာကွယ်ဆေးများ အပြည့်အဝထိုးနှံသင့်ပါတယ်။ အသက် နှစ်လ၊ အသက် လေးလ၊ အသက် ခြောက်လမှာ ဆေးငါးမျိုးပါ ကာကွယ်ဆေး (Pantavalid)ဖြစ်တဲ့ ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ၊ ဦးနှောက် အမြှေးရောင်၊ အသည်းရောင်ဘီ ကာကွယ်ဆေးထိုးနှံပေးပြီး ပါးစပ်မှ ပိုလီယိုကာကွယ်ဆေး အစက်တစ်စက်ချပါတယ်။ ကလေးနှစ်လအရွယ်မှာ အဆုတ်တီဘီကာကွယ်ဆေး (BCG) ထိုးနှံပေးပါတယ်။ အသက်ကိုးလနဲ့ ၁၈ လအရွယ်တွေမှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးပါတယ်။ ကလေးအသက်ငါးလမှာ အသက်ရှူလမ်းကြောင်း ရောဂါကာကွယ်ဆေးနဲ့ ရိုတာဗိုင်းရပ် (ROTA Virus) ကာကွယ်ဆေး ထိုးနှံပေးပါတယ်။ အသက်(၅-၁၄)နှစ်မှာ ဝက်သက်နဲ့ ဂျိုင့်သိုးကာကွယ်ဆေးထိုးနှံစေပြီး အသက် (၈-၁၂) နှစ် မိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးပါတယ်။ အသက် (၅-၁၈) နှစ်မှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးလို့ ပြည့်စုံစွာ ထိုးနှံသင့်ပါတယ်။

ရောဂါပိုဖြစ်နိုင်တဲ့ကလေးတွေက အစာအာဟာရ လုံလောက်အောင်မရတဲ့ ကလေးတွေ၊ မိခင်နို့ ကောင်းမွန်စွာ မသောက်ရတဲ့ ကလေးတွေမှာ ရောဂါပိုဖြစ်တတ်ပါတယ်။ လူနေထူထပ်တဲ့ နေရာတွေကိုသွားရင်လည်း ရောဂါရဖို့ အခွင့်အလမ်းပိုများပါတယ်။ မွေးရာပါ နှလုံးရောဂါကြောင့် နှလုံးမကောင်းတဲ့ ကလေးငယ်တွေ၊ မွေးကတည်းက ကိုယ်ခံအားကျဆင်းမှုရောဂါ (HIV/AIDS) ပါလာတဲ့ကလေးတွေ၊ အဆုတ်မကောင်းတဲ့ ကလေးတွေမှာ ကူးစက်ရောဂါတွေရော အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေပါ အဖြစ်များပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အရေပြားရောဂါတွေဆိုရင် လူနေထူထပ်မှုများတဲ့ နေရာတွေကိုသွားတဲ့အခါ၊ အိမ်သားတွေထဲမှာ နေမကောင်းဖြစ်တဲ့သူတွေက ကလေးနဲ့ လက်ပွန်းတတီးနေတဲ့အခါတွေမှာ အဖြစ်များပါတယ်။

ကူးစက်နိုင်တဲ့ရောဂါတွေက ခြေဖဝါး၊ လက်ဖဝါးမှာ အသားခြောက်ပြီး ယားနာလိုမျိုးအနာတွေ၊ ပါးစပ်ထဲမှာ ခံတွင်းအနာမျိုးတွေ အဖြစ်များပါတယ်။ အဆိုပါရောဂါတွေက ရောဂါရှိတဲ့သူရဲ့ သလိပ်၊ တံတွေး၊ မစင် ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကလေးက တွားသွားတတ်တဲ့အရွယ်ဆိုရင် လေးဘက်တောက်လျှောက်သွားလို့ ကြမ်းပြင်မှာသည် အညစ်အကြေးတွေရှိနေရင် ကလေးက ထိမိကိုင်မိရာကနေ ကူးစက်တာများပါတယ်။ တစ်ခါတလေ ကလေးအချင်းချင်း ဆော့ကစားတဲ့ အရုပ်တွေကတစ်ဆင့်လည်း ရောဂါတွေ ကူးစက်တတ်ပါတယ်။ ကလေးလေးချစ်ဖို့ကောင်းတယ်ဆိုပြီး ကလေးကိုနမ်းတာ၊ ပါးလေးနှာခေါင်းလေးတွေကို လက်နဲ့ကိုင်တာကနေလည်း ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာဆိုရင် ပိုလို့နုနယ်တာကြောင့် အဆိုပါရောဂါများ မကူးစက်ရအောင်ကာ ကွယ်ဆေးအပြည့်ထိုးနှံထားဖို့ သတိထားရပါမယ်။

ရေသောက်နည်းရင် ရာသီဥတုအေးတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်လည်း နှေးကွေးသွားပါတယ်။ ဆီးသွားလည်း နည်းတာကြောင့် ရေလည်း တော်ရုံမတိုက်ဖြစ်ဘူး။ ဒါကြောင့် ကလေး အသက်တစ်နှစ်အောက်ဆိုရင် မိခင်က နို့မကြာခဏတိုက်ပေးဖို့ မမေ့သင့်ပါဘူး။ ဖြည့်စွက်စာကျွေးတဲ့အရွယ် ခြောက်လလောက်အထက် အရည်ရွှမ်းတဲ့ သစ်သီးတွေ ထည့်ကျွေးသင့်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့အခါ ကလေးတွေရဲ့အူက အရမ်းနုနယ်တဲ့အတွက် အလွယ်တကူဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်လို့ ရေသန့်ဖြစ်ဖို့ အရေးကြီးပါတယ်။ မွေးကင်းစကနေ တစ်နှစ်အထိ သောက်သင့်တဲ့ရေပမာဏက ပျမ်းမျှရေဖန်ခွက်တစ်ခွက်ခွဲစာ ဖြစ်သင့်ပါတယ်။ တစ်နှစ်ကနေလေးနှစ်ဆိုရင် ရေ(၃-၄)ခွက် တိုက်သင့်ပါတယ်။ လေးနှစ်နဲ့အထက်ဆိုရင် လေးခွက်ကနေ ငါးခွက်လောက်အထိ သောက်သင့်ပါတယ်။ ဒါပေမဲ့ ဖျားနေချိန်၊  ဝမ်းပျက်လို့ ရေဓာတ်ဆုံးရှုံးနေချိန်မှာတော့ ရေဓာတ်ကို ပုံမှန်ထက် ပိုဖြည့်ပေးသင့်ပါတယ်။

ပန်းနာရင်ကျပ်ကလေးဖြစ်ရင် ဆောင်းတွင်းမှာ မှိုတွေပေါက်ပွားမှုများကာ ဖုန်တွေ၊ တိရစ္ဆာန်တွေရဲ့အမွေးတွေ၊ ပန်းဝတ်မှုန်၊ အိမ်ကဘုရားပန်း၊ ပန်းအလှထိုးပန်းကတစ်ဆင့် အနံ့အရမ်းပြင်းတာတွေကြောင့် ကလေးတွေမှာ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ အေးတဲ့ရာသီမှာ လေအေးတွေရှူမိတဲ့အခါ လေပြွန်ခြောက်သွေ့ပြီး ကျဉ်းသွားတဲ့အတွက် ပန်းနာရင်ကျပ်က ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့်ကလေးရဲ့ အသုံးအဆောင်တွေကို မှန်မှန်လျှော်ဖွပ်၊ မီးပူတိုက်ပေးသင့်ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့ အခါမှာလည်း တံမြက်စည်းနဲ့ လှဲတဲ့အခါမှာ ဖုန်ထမှာစိုးတဲ့အတွက် ရေစိုဝတ်နဲ့သုတ်ပြီး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ လေပြွန်အရမ်းခြောက်နေရင် နှာခေါင်းထဲကို ဖျန်းတဲ့ဆေး (Nasal apray) ဖျန်းပေးရမယ်။ အိမ်မှာ ဆေးလိပ်သောက်တတ်တဲ့သူရှိရင်လည်း ကလေးအနီးအနားမှာ ဆေးလိပ်သောက်တာ ရှောင်သင့်တယ်။ ပန်းနာရင်ကျပ်သမားတွေက တုပ်ကွေးရောဂါနဲ့တွဲပြီး ဖြစ်တတ်တယ်။ သူတို့မှာ တုပ်ကွေးဖြစ်ရင် ပိုပြီးခံရတဲ့ အတွက် တုပ်ကွေးကာကွယ်ဆေး စောစောကြိုပြီး ထိုးထားသင့်ပါတယ်။ နှစ်စဉ်ထိုးနှံပေးဖို့လိုပါတယ်။

ဒိုင်ဘာသုံးတဲ့ ကလေးတွေမှာ ဒိုင်ဘာရဲ့ အရည်အသွေးကိုမူတည်ပြီး အချိန်မှန်မလဲပေးဘူးဆိုရင် ကလေးရဲ့ပေါင်နေရာမှာ အနာဖြစ်တတ်ပါတယ်။ ကလေးက ဆီးတွေ အများကြီးသွားထားပြီးသားကို အချိန်အကြာပြီးထားမိရင် အအေးပတ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့အချိန်အတွင်း ပုံမှန်လဲပေးဖို့ လိုအပ်ပါတယ်။

ဆောင်းရာသီမှာ ကလေးတွေတုပ်ကွေး ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။ တုပ်ကွေး ဗီဇဂျင်း (Gene) တစ်နှစ်တစ်ခါ ပြောင်းတတ်လို့ နှစ်စဉ်ထိုးနှံပေးဖို့ လိုတယ်။ ပုံမှန်ကလေးဘဝ ကာကွယ်ဆေးတွေ ထိုးနှံဖို့လိုပါတယ်။ မိုးရာသီကတည်းက ကြိုပြီးထိုးထားရင် ဆောင်းရာသီမှာ ကာကွယ်ပြီးဖြစ်တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအနေနဲ့ လက်ကို သန့်အောင်ရေ၊ ဆပ်ပြာတို့နဲ့စက္ကန့်၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ လက်ဆေးပေးဖို့ အဆင်မပြေရင် ဟန်းဂျယ် (Hand Gel) သုံးသင့်တယ်။ အနံ့မပြင်းတဲ့ ဆပ်ပြာ၊ ဂျယ် (gel) သုံးသင့်တယ်။ အတူနေ မိသားစုဝင်တွေထဲမှာ နေမကောင်းဘူးဆိုရင် ကလေးနဲ့ ခပ်ဝေးဝေးထားသင့်တယ်။ နေမကောင်းဖြစ်တဲ့သူသုံးတဲ့ အသုံးအဆောင်တွေနဲ့ ကလေးအသုံးအဆောင်တွေကို သတ်သတ်စီ ခွဲထားသင့်တယ်။ လူနေထူထပ်တဲ့ နေရာတွေ ရှောင်သင့်ပါတယ်။

ကလေးက လမ်းလျှောက်တတ်စအရွယ်၊ ကစားတတ်တဲ့အရွယ်ဆိုရင် ကစားစရာတွေကို တစ်ပတ်တစ်ခါ ဆေးပေးသင့်တယ်။ ကလေးက သေးပေါက်၊ ချေးပါထားလား မကြာခဏ ကြည့်ပေးသင့်ပါတယ်။ ရာသီဥတု အေးတော့ ပြန်အအေးပတ်မှာ စိုးရိမ်ရတယ်။ ရောဂါတစ်ခုခုဖြစ်တယ်ဆိုရင် ကလေး‌ဆရာဝန်နဲ့ သေသေချာချာပြသင့်တယ်။ ကလေးက အဖျားကြီးတာ၊ တက်တာ၊  အရမ်းနုံးပြီး မှိန်းတာ၊ နို့စို့ကလေးက ပုံမှန်စို့နေကျအတိုင်း မစို့တာ၊ ဖြည့်စွက်စာကျွေးတဲ့ ကလေးက အစားမစားတော့တာ၊ ကလေးက အသက်ရှူတိုင်း တရွှီရွှီနဲ့အသံမြည်တာ၊ ပုံမှန်ထက် ကလေးနှုတ်ခမ်းပြာနေတာစတဲ့ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုတယ်။ ဆောင်းရာသီမှာ ရာသီဥတုအေးမြပြီး ဖုန်ထကာ ပန်းဝတ်မှုန်တွေ လေထဲလွင့်လို့ လုံလုံခြုံခြုံ ဝတ်ဆင်သင့်တယ်။ အလှဆီလိမ်းပေးထားသင့်တယ်။ ဆောင်းရာသီမှာ ကလေးတွေအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အဖြစ်များကြပါတယ်။

ကလေးတွေကို နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးသင့်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်အောင် အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးတာ၊ ဖြည့်စွက်စာကျွေးတဲ့ အရွယ်ဆိုရင် အာဟာရ ပြည့်ပြည့်ဝ၀ ကျွေးတာ၊ ကလေးကို‌‌ နွေးနွေးထွေးထွေးနဲ့ သန့်သန့်ရှင်းရှင်းထားကာ လူထူတဲ့နေရာ ရှောင်တာ စတာတွေ လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

Most Read

Most Recent