ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ၏ ဘေးအန္တရာယ်

ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ၏ ဘေးအန္တရာယ်
Published 12 November 2023
ကြယ်စင်ဖေသင်

(၁)

ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ (Cashless Economy) ဆိုသည်မှာ ငွေကြေးအပေးအယူများကို   မြင်တွေ့ကိုင်တွယ်နိုင်သည့် ငွေစက္ကူများ၊ ငွေအကြွေစေ့များ အသုံးပြုခြင်းမရှိဘဲ အီလက်ထရွန်နစ်နည်းလမ်း တစ်နည်းဆိုသော် ဒစ်ဂျစ်တယ်အချက်အလက်များကိုသာ အသုံးပြုလုပ်ဆောင်နေသည့် စီးပွားရေး အဆောက်အအုံဟုဆိုရမည်။ ငွေကြေးမပေါ်ပေါက်မီ ရှေးကျသောကာလများက လူသားတို့သည့် ကုန်ပစ္စည်း အချင်းချင်းဖလှယ်၍ (ဘာတာစနစ်ဖြင့်) လည်းကောင်း၊ အခြားသောနည်းလမ်းများကို အသုံးပြု၍လည်း ကောင်းငွေသားမဲ့ (မရှိ)သော လူ့အဖွဲ့အစည်းများကို ဖြတ်သန်းခဲ့ကြ၏။ နောက်ပိုင်းတွင် ကြားခံဖလှယ်ရေး ကိရိယာအမျိုးမျိုးကိုစမ်းသပ်ခဲ့ အသုံးပြုခဲ့ပြီးနောက် ငွေကြေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။   အိုင်စီတီနည်းပညာထွန်းကားလာသည့် ယနေ့ကာလတွင်  ခရက်ဒစ်ကတ်များ၊ ဒက်ဘစ်ကတ်များ၊ မိုဘိုင်းငွေပေးချေမှုများနှင့် ဘစ်ကွိုင် (Bitcoin) ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးများကို အသုံးပြုလျက် အသွင်တစ်မျိုးဖြင့် ငွေသားမဲ့စီးပွားရေးများဖန်တီးလာနေကြသည်ကို တွေ့ရပြန်သည်။  

စီးပွားရေးအဆောက်အအုံထဲတွင် ငွေသားသည် လုံးလုံးလျားလျား ကိုယ်ပျောက်တော့မည်လော။  ပိုက်ဆံအိတ် ကိုင်သွားစရာမလိုသော၊ ဘေးအန္တရာယ်စိုးရိမ်စရာမလိုသော ဒစ်ဂျစ်တယ် ပလပ်စတစ်ကတ်ပြားပါးပါးလေးကို အသုံးပြု၍ ကိန်းဂဏန်းနံပါတ်များ နှိပ်ရုံမျှဖြင့် စီးပွားရေးအဆောက်အအုံထဲ၌ ငွေကြေးအပေးအယူအလုပ်ဖြစ်သော အခြေအနေသည် ယေဘုယျအားဖြင့် လူသားအားလုံး၏ နေ့စဉ်လူနေမှုဘဝများကို ပိုမိုလွယ်ကူချောမွေ့စေသည်။ ဤသို့ဆိုလျှင် စီးပွားရေးအဆောက်အအုံအတွင်း နေစဉ်ငွေကြေးလည်ပတ်မှု၌ ငွေသားကိုမမြင်ရတော့။ ငွေသားလိုအပ်မည်မဟုတ်တော့ပေ။

(၂)

တစ်ဖက်တွင် စျေးကွက်အတွင်း အရောင်းအဝယ်အားလုံးကို ဒစ်ဂျစ်တယ်ပေးချေးမှုနည်းလမ်းဖြင့် လုပ်ဆောင်ရန် စိတ်ဝင်စားမှုများရှိနေကြစဉ် နေ့စဉ်ငွေကြေးအပေး အယူကိစ္စများ၌ ငွေသားကို ဖယ်ရှားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို စူးစမ်းလေ့လာကြသည်။ ငွေကြေး၏ ဥပဒေနှင့် ညီညွတ်သော လုပ်ဆောင်မှုများနှင့်ပတ်သက်၍လည်း ဆွေးနွေးကြည့်ကြသည်။ တရားဝင်ငွေကြေး (Legal Tender) နှင့်ပတ်သက်၍ ဥပဒေများပြဋ္ဌာန်းထားသည့် နိုင်ငံများကဲ့သို့ပင် အမေရိကန်နိုင်ငံတွင် ငွေသား (Cash) ကိုသာ ငွေကြေး (Money) အဖြစ် အသိအမှတ်ပြုသည်။ အချို့သော သူတို့က ဘဏ်စာရင်းလက်ကျန် (Bank Balance) ကို ငွေကြေးဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် မဟုတ်ပေ။ ဘဏ်စာရင်းလက်ကျန်သည် တရားဝင်သုံးစွဲနေသည့် ငွေကြေးထဲမှ  ဥပဒေအညီ ဖယ်ထုတ်ထားသော အဆင့်တစ်ဆင့်ဖြစ်သည်ဟု ထောက်ပြကြသည်။

အမေရိကန်နိုင်ငံတွင် ဒေသအလိုက် ဗဟိုဘဏ် (The Fed) ၁၂ ဘဏ်ရှိသည်။ ဘဏ်အားလုံးသည် ၎င်းတို့၏မီးခံသေတ္တာခန်းများထဲတွင် အနည်းဆုံးသီသန့်ရန်ပုံငွေများကို ငွေသားဖြင့် ထိန်းသိမ်းထားရသည်။ ထိုဘဏ်များရှိ သီးသန့်အရန်ငွေစာရင်းများကို ငွေစာရင်းပိုင်ရှင်၏ ဆန္ဒအတိုင်း ငွေသားအဖြစ် ပြောင်းလဲနိုင်သည်။ စီးပွားရေးအဆောက်အအုံထဲတွင်ရှိသော စုစုပေါင်းငွေသားများကို တွက်ချက်ရာတွင်  လူတစ်ဦးချင်း၏ ပိုက်ဆံအိတ်များထဲမှ ငွေများ၊ တစ်ဦးချင်းအပ်နှံငွေ သေတ္တာများထဲရှိငွေများ၊ ဘဏ်စနစ် ပြင်ပရှိ ငွေသားများလည်း ပါဝင်သည်။

 ဘဏ်သီးသန့်အရန်ငွေများ (Total Bank Reserves) နှင့် ဘဏ်စနစ်ပြင်ပတွင် လည်ပတ်နေသော ငွေသားများကို စုပေါင်း၍ ငွေကြေးငွေသားအခြေခံ (Monetary Base)ဟု ခေါ်သည်။ ငွေကြေးငွေသား အခြေခံသည် စီးပွားရေးအဆောက်အအုံထဲတွင် လည်ပတ်နေသော စုစုပေါင်းငွေကြေးပမာဏ (Money Supply) နှင့် မတူပေ။ ငွေကြေးပမာဏကို ဘဏ်၏ သီးသန့်အရန်ငွေဖြင့် မဟုတ်ဘဲ ဘဏ်မှထုတ်ချေးသော ချေးငွေများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဘဏ်များက ချေးငွေထုတ်ချေးသည့်အခါ သက်ဆိုင်သူ၏ ငွေစာရင်းသို့ ငွေကြေးများ ဝင်ရောက်သွားပြီး ထိုမှတစ်ဆင့် စီးပွားရေးအဆောက်အအုံထဲ သို့ရောက်ရှိသွားသည်။ ထို့ကြောင့် ဘဏ်များသည် ငွေကြေးငွေသားများကို ဖန်တီးခြင်းဖြစ်ပေသည်။  

(၃)

၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အမေရိကန်ပြည်ထောင်စုရှိ ငွေကြေးငွေသားအခြေခံသည် အမေရိကန်ဒေါ်လာ ၅.၅ ထရီလီယံရှိသည်။ ထိုအခြေအနေတွင် M3၊ M2 နှင့် ပမာဏများ ပြားသည့်အချိန် ဆိုင်းအပ်ငွေ များပါဝင်သည်) ၂၀.၉ ထရီလီယံရှိနေသည်။ အကယ်၍ လူတိုင်းက ဘဏ်များမှ ၎င်းတို့အပ်နှံထားသော ငွေသားများကို တောင်းဆိုထုတ်ယူခဲ့လျှင် တောင်းဆိုမှု၏ လေးပုံတစ်ပုံခန့်ကိုသာ ဘဏ်များက ပြန်လည်ထုတ်ပေးနိုင်မည်။ ထိုအခြေအနေမျိုးတွင် ဘဏ်၏လုပ်ငန်းတာဝန်ပျက်ကွက်မှု အမှန်တကယ် ဖြစ်လာနိုင်သည်။ ၁၉၃၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးအတွင်း အမေရိကန် ဘဏ်ပေါင်း ကိုးထောင်ကျော်သည်ဖောက်သည်များ၏ ငွေထုတ်ပေးရန်တောင်းဆိုမှုများကို ထုတ်ပေးနိုင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ကြသည်ဟု ဆိုသည်။

(၄)

ငွေသားကို လက်ဝယ်ကိုင်ထားခြင်းသည် အခက်အခဲများရှိနိုင်သော်လည်း အီလက်ထရွန်နစ်စနစ်နှင့် ဆက်စပ်နေသော အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများမှလည်းကောင်း၊ ငွေထုတ်ယူမှု ကန့်သတ်ခြင်းများမှလည်းကောင်း ကာကွယ်ပေးနိုင်သည်။ လက်ထဲတွင် ငွေသားကိုင်ထားသူသည် အရေးပေါ် ကိစ္စများအတွက်လိုအပ်လာပါက ၎င်း၏ လက်ထဲတွင်ရှိနေသည့် ငွေပမာဏပေါ်မူတည်၍ အခြေအနေ အရပ်ရပ်ကို ချင့်ချိန်လုပ်ဆောင်နိုင်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဘဏ်များက စာရင်းပိတ်ခြင်း၊ ဖယ်ရှားခြင်းတို့ ပြုလုပ်လာပါကလည်း ငွေအပ်နှံထားသူအနေဖြင့် အခက်အခဲများ ဖြစ်လာနိုင်သည်။  မကြာသေးမီက ဖြစ်ပျက်ခဲ့သော ဥပမာနှစ်ခုရှိသည်။

ပထမဖြစ်ရပ်မှာ ကနေဒါထရပ်ကားသမားများ အထွေထွေသပိတ်တွင် ပါဝင်သူများ၏ ဘဏ်စာရင်းများနှင့် ၎င်းတို့ကို ကူညီပေးခဲ့သူများ၏ ဘဏ်စာရင်းများအားလုံးကို ကနေဒါအစိုးရက ပိတ်လိုက်သည့်ဖြစ်ရပ်ဖြစ်သည်။ ဒုတိယဖြစ်ရပ်မှာ ဗြိတိန်နိုင်ငံရေးသမား နိုင်ဂျယ်ဖာရပ် (Nigel Farage) ၏ ဘဏ်စာရင်းများကို  နိုင်ငံရေးအကြောင်းပြချက်ဖြင့် ပိတ်ခဲ့ခြင်းဖြစ်သည်။ မည်သည့် ဗြိတိသျှဘဏ်ကမျှ ၎င်းကို ဝန်ဆောင်မှုမပေးသောကြောင့် ဖာရပ်သည် ငွေကြေးပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ အခြားနိုင်ငံသို့ ပြောင်းရွှေ့နေ ထိုင်ရမည့်အခြေအနေပင်ဖြစ်လာခဲ့သည်ဟု ဆိုသည်။ လူတစ်ယောက်အနေဖြင့် လိုအပ်သမျှသုံးစွဲရန် ငွေကြေးရရှိနိုင်မည့် နည်းလမ်းမရှိတော့ပါက နေ့စဉ်ဘဝရပ်တည်မှု ခက်ခဲလာနိုင်သည်။ ဘဏ်စာရင်း အလုပ်မလုပ်သောကြောင့် အခြားသောအရာပေါင်းများစွာကို ပြုလုပ်၍ မရတော့သည်ကိုပြနေခြင်းဖြစ်သည်။

(၅)

အီလက်ထရွန်နစ်နည်းလမ်းများ အသုံးပြု၍ ငွေသားမဲ့လည်ပတ်လုပ်ဆောင်နေသော စီးပွားရေး အဆောက်ထဲတွင် လုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ်နှင့် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ငွေသားမှတစ်ဆင့် ဖြစ်လာနိုင်သည့် ကူးစက်ရောဂါများကိုနည်းပါးလာခြင်း၊ စီးပွားရေးလုပ်ငန်း အရောင်းအဝယ်ကိစ္စများ လျင်မြန်လာနိုင်ခြင်း၊ ရာဇဝတ်မှုများ လျှော့ချနိုင်ခြင်း၊ ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များ စုဆောင်းရ ပိုမိုလွယ်ကူလာခြင်း၊ နေ့စဉ်ငွေကြေးသုံးစွဲမှု လျင်မြန်လွယ်ကူခြင်းစသည့် ကောင်းကျိုးများရှိသကဲ့သို့ ကိုယ်ရေးကိုယ်တာကိစ္စများ ထိန်းသိမ်းမှုခက်ခဲလာခြင်း၊ ဘဏ်အသုံးပြုမှုနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ဆင်းရဲနွမ်းပါးသူများ အခက်အခဲမှုများရှိလာခြင်း၊ အွန်လိုင်း လိမ်လည်မှုများဖြစ်လာနိုင်ခြင်း၊ အီလက်ထရွန်နစ်နည်းလမ်းရွေးချယ်အသုံးပြုမှု မတူညီကြောင့် ခက်ခဲမှုဖြစ်ပေါ်လာနိုင်ခြင်း စသဖြင့် ပြဿနာသစ်များ၊ ခက်ခဲမှုအသစ်များလည်းရှိလာနိုင်သည်။

(၆)

မည်သို့ပင်ရှိစေကာမူ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများရှိ ဗဟိုဘဏ်များသည် ၎င်းတို့ ထိန်းချုပ်နိုင်မည့် ဒစ်ဂျစ်တယ်ငွေကြေး စနစ်များထူထောင်ရန် အစီအစဉ်များ ရေးဆွဲလျက်ရှိသည်။ ထိုအခြေအနေတွင် သက်ဆိုင်ရာ နိုင်ငံအစိုးရများ၏ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်သည်ဟု ထောက်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် ငွေသားကိုင်တွယ်စရာမလိုဘဲ ငွေပေးငွေယူပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေကြေးစနစ်သည် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အတွက် အန္တရာယ်အလွန်များသောကြောင့်ဖြစ်သည်။ ထိုစနစ်ကို ကျင့်သုံးသည့်စီးပွားရေးအဆောက်အအုံများတွင် ဗြိတိန်နိုင်ငံရေးသမား နိုင်ဂျယ်ဖာရပ်အပေါ် ဗြိတိန်ဘဏ်စနစ်က ပြုလုပ်ခဲ့သည့် အခြေအနေမျိုး တစ်ချိန်မဟုတ် တစ်ချိန်ပေါ်ပေါက်လာနိုင်ပေသည်။

(၇)

ကိန်းဂဏန်းခလုတ်နှိပ်ရုံမျှဖြင့် ကိုယ်ပိုင်ငွေကြေးများအပေါ် အကျိုးဆက်များ ရှိလာနိုင်သော၊  နေ့စဉ်ဘဝရှင်သန်မှုအပေါ် သက်ရောက်မှုများ ဖြစ်လာနိုင်သော ငွေသားမဲ့စီးပွားရေးစနစ်သည်   လောကသဘာဝအတိုင်း အကောင်းအဆိုးရောပြွမ်းနေသည်။

စွမ်းရည်မြင့်သည့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်၏ လူသားတို့အပေါ် ဖြစ်ပေါ်လာနိုင်သည့် အကောင်း၊ အဆိုး မည်သို့ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြမည်နည်း။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်သည် လူတို့၏ နေ့စဉ်စီးပွားရေး၊ လူမှုရေး အသုံးပြုမှုများ၌ ထိရောက်သော နည်းလမ်းဖြစ်သဖြင့် အဆင့်မြင့်သည်ထက်မြင့်လာစေရန် ကျွမ်းကျင်သူများ အဆက်မပြတ် တီထွင်ကြံဆလုပ်ဆောင်လျက်ရှိ၏။ အခြားတစ်ဖက်တွင် နိုင်ငံသားတို့၏ လွတ်လပ်မှုထိခိုက်စေသည့် အခြေအနေဖြစ်လာနိုင်သဖြင့် ရပ်တန့်ရန် လိုအပ်သည်ဟု ထင်မြင်သုံးသပ်မှုများလည်း ရှိနေသည်။ 

www.eurasiareview.com

 

Most Read

Most Recent