ပုံပြင်များ

ပုံပြင်များ
Published 4 November 2023

ပုံပြောခြင်းသည် အတွေ့အကြုံများကို ဖွင့်ဆိုရန်နှင့်မျှဝေရန် နည်းလမ်းကောင်းတစ်ရပ် ဖြစ်သည်။ လူ့ဘဝကို ဇာတ်လမ်းပမာ အခြေခံပြီး လူသားတို့သည် ၎င်းတို့၏ဘဝများကို တည်ဆောက်ယူကာ ၎င်းတို့၏ လောကကို နေအိမ်များအဖြစ်သို့ ယင်းရပ်တည်ရာ အခြေခံများနှင့် အမှတ်သညာများတို့အားဖြင့် ပုံသွင်းယူကြသည်ဟု ပီတာအယ်ဘာဂါက ဆိုသည်။ ယဉ်ကျေးမှုအရ၊ ဘာသာဗေဒအရနှင့် အသက်အရွယ်အရ ကွဲပြားခြားနားမှုများကို ပုံပြင်များက ပေါင်းကူးပေးနိုင်သည်။ ပုံပြောခြင်းသည် အသက်အရွယ်ကွဲပြားခြားနားမှု များအပေါ် သတိပြုနေမှုများကိုဖယ်ထားလျက် အသက်အရွယ်အားလုံးကို လိုက်လျောညီထွေဖြစ်စေနိုင်သည်။ ကျင့်ဝတ်များ၊ စံတန်ဖိုးများနှင့် ဓလေ့ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကွဲပြားခြားနားမှုများ အစရှိသည်တို့ကို သင်ကြားပေးရန် ပုံပြောခြင်းကို အသုံးပြုနိုင်သည်။ အသိဉာဏ် ဗဟုသုတကို အသုံးချပုံနှင့်ပတ်သက်သည့် စစ်မှန်သော လူမှုရေးအရိပ်ပြမှုများကိုပေးသည့်  လူမှုဝန်းကျင်တစ်ရပ်၌ ပုံပြောသည့်အခါ လေ့လာသင်ယူမှုက အထိ ရောက်ဆုံးဖြစ်လာသည်။ ပုံပြင်များသည် လူမှုရေးအကြောင်းအရာတစ်ရပ်နှင့်ပတ်သက်၍ အသိပညာကို ဖြန့်ဝေရန် လက်နက်တစ်ရပ်အဖြစ် ထမ်းဆောင်သည်။ ပုံပြင်တိုင်း၌ အစိတ်အပိုင်းသုံးရပ် ပါလေ့ရှိသည်။ ပထမဆုံးအနေဖြင့် အခြေတည်ခြင်း(စွန့်စားခန်းမစတင်မီ သူရဲကောင်း၏လောက)၊ ဒုတိယအနေဖြင့် ထိပ်တိုက်တွေ့ခြင်း(နိမ့်ဆင်းသွားသော သူရဲကောင်း၏လောက)နှင့် တတိယအနေဖြင့် ဖြေရှင်းခြင်း (သူရဲကောင်းက ဗီလိန်ကို အောင်နိုင်၊ သို့သော် ရှင်သန်ရန် လုံလောက်မှုမရှိ၊ သူရဲကောင်း သို့မဟုတ် လောကကို အသွင်ပြောင်း)တို့ ပါဝင်သည်။ ပုံပြင်များကို ယင်းပုံစံခွက်ထဲသို့ ထည့်သွင်းလေ့ရှိကြသည်။

လူသား၏ အသိဉာဏ်ဗဟုသုတသည် ပုံပြင်များအပေါ်၌ အခြေခံပြီးလူသား၏ ဦးနှောက်၌ နားလည်နိုင်စွမ်းရှိရန်လိုအပ်သော သိမြင်မှုယန္တရားပါဝင်ကာ ပုံပြင်များကို အမှတ်ရခြင်းနှင့်ပြောပြခြင်းတို့ ပြုနိုင်သည်။ လူသားတို့သည် တစ်ဦးချင်းအရသာမက လူမှုရေးအရပါ ပုံပြုထားသော ဘဝများဆီသို့ ဦးတည်သွားသည့် ပုံပြောတတ်သော သတ္တဝါဖြစ်သည်။ လူသားတို့က ပုံပြင်ဖွဲ့စည်းပုံဖြင့် စဉ်းစားသည့်အခါ ပုံပြင်များသည် လူသားတို့၏ အတွေးများကို ရောင်ပြန်ဟပ်ပြပြီး ပုံပြင်ပုံစံအတွင်းရှိ အချက်အလက်များကို သတိအရဆုံးဖြစ်တတ်သည်။ ပိုမိုကျယ်ပြန့်သော အကြောင်းအရာတစ်ခု၏ ပိုမိုသေးငယ်သော ဗားရှင်းအဖြစ် အချက်အလက်များကို နားလည်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ပုံပြောခြင်းသည် ဝေဖန်သုံးသပ်နိုင်စွမ်းကို အားဖြည့်ပေးသည်။ ပုံပြောခြင်း၌ နားထောင်သူများထံမှ အကြားဆိုင်ရာနှင့် အမြင်ဆိုင်ရာ အာရုံခံမှုများ လိုအပ်သောကြောင့် လူတစ်ဦးအနေဖြင့် ပုံပြင်တစ်ပုဒ်နှင့်ပတ်သက်၍ ၎င်း၏စိတ်ပိုင်းဆိုင်ရာကိုယ်စားပြုမှုကို စုစည်းပုံအား လေ့လာနိုင်ပြီး ဘာသာစကား၏ ဖွဲ့စည်းပုံကို သိမြင်ကာ ၎င်း၏အတွေးများကို ဖော်ပြနိုင်စွမ်း ရှိလာစေသည်။

ပုံပြင်များသည် စမ်းသပ်လေ့လာသင်ယူမှုအပေါ် အခြေပြုခြင်းဘက်သို့ ယိမ်းသွားစေနိုင်သည်။ သို့သော် အတွေ့အကြုံတစ်ရပ်မှ သင်ယူခြင်းမှာ အလိုအလျောက်သဘော မဆောင်ပေ။ ယင်းနှင့်ပတ်သက်သော စံတန်ဖိုးကို သိမြင်ခြင်းမရှိမီ ယင်းအတွေ့အကြုံနှင့်ပတ်သက်သော ပုံပြင်ကိုပြောရန် ကြိုးပမ်းရေးက လိုအပ်သည်။ ယင်းကိစ္စ၌ လေ့လာသင်ယူသည့် နားထောင်သူသာမက ပုံပြောသူပါ မိမိကိုယ်တိုင်၏ အတုမရှိသော အတွေ့အကြုံများနှင့် နောက်ခံများကိုသတိပြုမိလာနိုင်သည်။ ပုံပြောသူက လူသားတို့ ဆောင်ရွက်နိုင်မှုအလားအလာများကို သရုပ်ပြပြီးအတွေ့အကြုံနှင့်အတူ စိတ်ကူးများကို ထိရောက်စွာ ဆောင်ကြဉ်းပေးသည့်အခါ ပုံပြောခြင်းနှင့်ပတ်သက်သော ယင်းလုပ်ငန်းစဉ်သည် အားကောင်း၍လာသည်။ ပုံပြောခြင်းသည် ရှိနှင့်ပြီးသား အသိဉာဏ်ဗဟုသုတကို ဆွပေးပြီး ယဉ်ကျေးမှုအရနှင့် စေ့ဆော်မှုအရ ဖြေရှင်းချက်တစ်ရပ်ဆီသို့ ပေါင်းကူးပေးသည်။

နားထောင်သူသည် စိတ်ဝင်စားလာပြီး မှတ်မိသွားနိုင်သောကြောင့် ပုံပြောခြင်းသည် ထိရောက်သည့် ပညာရေးဆိုင်ရာ လက်နက်လည်းဖြစ်သည်။ ပုံပြောခြင်းကို လေ့လာသင်ယူခြင်းနှင့် သင်ကြားရေးဆိုင်ရာ အခြေခံအုတ်မြစ်တစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ ပုံပြင်နားထောင်သူသည် စိတ်ဝင်စားလာသည့်အခါ အမြင်သစ်များကို တွေးယူနိုင်စွမ်းရှိလာပြီး အသွင်ပြောင်းထားသော စာနာမှုရှိသော အတွေ့အကြုံကို ဖိတ်ခေါ်နိုင်သည်။ ယင်း၌ပုံပြင်အား အကြီးအကျယ်စိတ်ဝင်စားလာစေခြင်း ပါဝင်သကဲ့သို့ လမ်းညွှန်မှုအနည်းဆုံးဖြင့် လေ့လာစေခြင်း၊ နားထောင်စေခြင်းနှင့် ပါဝင်စေခြင်းတို့လည်း ပါဝင်သည်။ ပုံပြောနေ သူတစ်ဦးကို နားထောင်ခြင်းက ပုဂ္ဂိုလ်ချင်းဆိုင်ရာ ဆက်သွယ်မှုကို တာရှည်ခံအောင်ဖန်တီးနိုင်ပြီး ဆန်းသစ်မွမ်းမံမှုရှိသော ပြဿနာဖြေရှင်းမှုကို မြှင့်တင်ပေးနိုင်ကာ အနာဂတ် ရည်မှန်းချက်များနှင့်ပတ်သက်သော နားလည်မှုတစ်ရပ်ကို မျှဝေပေးနိုင်သည်။ နားထောင်သူသည် အသိဉာဏ်တစ်ရပ်ရရှိကာ ဖြစ်နိုင်ခြေအသစ်များကို စဉ်းစား၍လာသည်။ ပုံပြောသူနှင့် နားထောင်သူတို့နှစ်ဦး အတူတကွ အကောင်းဆုံးကျင့်သုံးမှုများကို ရှာဖွေနိုင်ကာ ဖြေရှင်းမှုအသစ်များကို တီထွင်နိုင်သည်။ ပုံပြင်များ၌ အဓိပ္ပာယ်အလွှာအထပ်ထပ် ရှိနိုင်သောကြောင့် နားထောင်သူသည် ပုံပြင်ထဲ၌ ကိန်းအောင်းနေသော အသိကို ဖော်ထုတ်ရန် အသေအချာ နားထောင်ရသည်။ ကလေးများအား နားထောင်ခြင်းအကျင့်မှတစ်ဆင့် လေးစားမှု၏အရေးပါပုံကို သင်ကြားပေးရန် လက်နက်တစ်ရပ်အဖြစ်လည်း အသုံးပြုနိုင်သည်။ ပုံပြင်၏ ပင်မအကြောင်းအရာမှတစ်ဆင့် ကလေးများကို ပတ်ဝန်းကျင်နှင့်လည်း ဆက်သွယ်ပေးနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ပုံပြောခြင်းသည် အသိပညာရရှိရေး၌ အရေးပါသည့် လက်နက်တစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent