၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုတွင် ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းကျော်ပါဝင်

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုတွင် ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းကျော်ပါဝင်
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ဇော်ဝင်းချစ်)
Published 28 October 2023

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုတွင် ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၉၄ သန်း ကျော် ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့် တန်ချိန် ၇၆၅၉၄ ဒသမ ၈၆ တင်ပို့မှုမှ ဒေါ် လာ ၉၄ ဒသမ ၄၈ သန်းရရှိခဲ့သည်။

ငါးလအတွင်း ပြည်ပသို့လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၃၄၉ သန်းကျော်ရ ရှိမှုတွင် ပဲအမျိုးမျိုးနှင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်း ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများ ဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီ တိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့လည်း ပါဝင်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ၁၃ရက်အထိ ပို့ကုန်ဒေါ်လာ ၈၀၅၆ဒသမ ၀၉၇ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၉၀၀၈ ဒသမ ၅၆၄ သန်းရှိခဲ့ကာ  ကုန်သွယ်မှုပမာဏဒေါ်လာ ၁၇၀၆၄ ဒသမ ၆၆၁ သန်းအထိရရှိခဲ့သည်။

Most Read

Most Recent