မော်တော်ယာဉ် အာမခံထားရှိမှုနှုန်း တိုးမလာသော်လည်း မတော်တဆမှုကြောင့် ယာဉ်တစ်စီးတည်းကို လေးကြိမ်ခန့် ပေးလျော်နေရသဖြင့် လျော်ကြေးပေးရမှု တိုးလာဟု ဆို

မော်တော်ယာဉ် အာမခံထားရှိမှုနှုန်း တိုးမလာသော်လည်း မတော်တဆမှုကြောင့် ယာဉ်တစ်စီးတည်းကို လေးကြိမ်ခန့် ပေးလျော်နေရသဖြင့် လျော်ကြေးပေးရမှု တိုးလာဟု ဆို
Published 22 December 2016
ငြိမ်းငြိမ်းသူ

ယခုနှစ်အတွင်း အလုံးစုံ မော်တော်ယာဉ်အာမခံတွင် အာမခံထားရှိသည့် မော်တော်ယာဉ် အရေအတွက် တိုးမလာသော်လည်း ယာဉ်မတော်တဆမှုကြောင့် ယာဉ်တစ်စီးတည်းအား လေးကြိမ်ခန့် ပေးလျော်နေရသဖြင့် လျော်ကြေးပေးရမှု တိုးလာကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မော်တော်ယာဉ်အစီးရေ ရှစ်သိန်းကျော်ရှိသော်လည်း အာမခံထားရှိမှုနှုန်းမှာ မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံ လုပ်ငန်းများအပါအဝင် တစ်သိန်းကျော်သာရှိနေပြီး ရာခိုင်နှုန်းအားဖြင့် နည်းပါးနေကြောင်း ၎င်းကဆိုသည်။            
“အလုံးစုံ မော်တော်ယာဉ် အာမခံထားတဲ့ ကားအစီးရေကတော့ နည်းနည်းပဲ တက်လာတယ်။ သို့သော် ကျွန်တော်တို့ လျော်ရတဲ့ ဖြစ်စဉ်က များလာတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့က ရာခိုင်နှုန်း ၅၀ လောက်ကို ပြန်လျော်ပေးနေရတဲ့သဘော ဖြစ်နေတယ်။ ခုဆိုရင် သုံးကြိမ်၊ လေးကြိမ်တွေ တိုက်ကြတယ်။ တစ်နှစ်လုံးမှာ။ အဲဒီတော့ လေးကြိမ်လောက် တိုက်ပြီဆိုရင် သူက မကောင်းတော့ဘူးလေ။ သုံးလကို တစ်ကြိမ်တိုက်နေတဲ့ သဘော ဖြစ်သွားပြီ။ အဲဒီကျရင်တော့ အာမခံမှာ စည်းကမ်းရှိတယ်။ ကားကို ခဏခဏတိုက်တယ်ဆိုရင် ဆရာတို့ကုမ္ပဏီက လက်မခံတော့ဘူးပေါ့။ များသောအားဖြင့် နှစ်ကြိမ်အထက် ဖြစ်လာပြီဆိုရင်၊ ဒီကားက ခဏခဏ တိုက်နေတယ်ဆိုရင် တခြားကုမ္ပဏီတွေကို အကြောင်းကြားလိုက်တယ်။ ဒီကားနံပါတ်။ ဒီကုမ္ပဏီက လက်မခံတော့ဘူး။ ဘယ်နေ့မှာ ဘယ်လောက်လျော်လိုက်ရတယ်။ ကားတန်ဖိုးက သိန်းတစ်ရာလျော်ရတာက တစ်ခါလျော်ရင်သိန်း ၂၀၊ သိန်း ၂၀ ဆိုတော့ သိန်း ၄၀ လောက်ဖြစ်နေပြီ။ တချို့တွေကျတော့ သိန်း ၇၀ သိန်း ၈၀ လောက် လျော်ရတာရှိတယ်။ အဲဒါမျိုးကျတော့ တခြားကုမ္ပဏီက လက်မခံချင်တော့ဘူး။ အဲဒါမျိုးတွေရှိတယ်” ဟု  ဦးအေးမင်းသိန်းက ပြောကြားသည်။
မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း မောင်းနှင်ကာ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့်လည်း စည်းကမ်းရှိစွာ သွားလာမည်ဆိုပါက ယင်းကဲ့သို့ဖြစ်စဉ်များ လျော့နည်းလာမည်ဖြစ်သည်။    
မော်တော်ယာဉ်များ အာမခံထားရှိမှု ပိုမိုလွယ်ကူစေရေးအတွက် ကညနလိုင်စင်ရုံးများတွင် အာမခံရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ထားပြီး အာမခံနှင့်ပတ်သက်သည့် အသိပညာပေး   လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

Most Read

Most Recent