လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဒီဇင်ဘာလအတွင်း လမ်းပိတ်ဆို့မှု နေ့စဉ်နီးပါးဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်အချိန်ထက် နောက်ကျပြီးမှ ရောက်ရှိ

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဒီဇင်ဘာလအတွင်း လမ်းပိတ်ဆို့မှု နေ့စဉ်နီးပါးဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်အချိန်ထက် နောက်ကျပြီးမှ ရောက်ရှိ
 မူဆယ်သို့သွားရောက်ကြမည့် ကုန်တင်ယာဉ်များ ကွတ်ခိုင်နှင့်နမ့်ဖတ်ကာကြား လမ်းပိတ်ဆို့မှုဖြစ်ပွားနေခြင်းကြောင့် လမ်းပြန်ပွင့်မည့်အချိန်အား လားရှိုးမြို့ မြို့ရှောင်လမ်းတွင် စောင့်ဆိုင်းနေကြသည်ကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက တွေ့ရစဉ်
မူဆယ်သို့သွားရောက်ကြမည့် ကုန်တင်ယာဉ်များ ကွတ်ခိုင်နှင့်နမ့်ဖတ်ကာကြား လမ်းပိတ်ဆို့မှုဖြစ်ပွားနေခြင်းကြောင့် လမ်းပြန်ပွင့်မည့်အချိန်အား လားရှိုးမြို့ မြို့ရှောင်လမ်းတွင် စောင့်ဆိုင်းနေကြသည်ကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Published 22 December 2016
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင်  ဒီဇင်ဘာလအတွင်း ကားလမ်းပိတ်ဆို့မှု နေ့စဉ်နီးပါး ဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်နှင့် ခရီးသည်တင် ယာဉ်များ နေ့စဉ်နီးပါး လမ်းပိတ်ဆို့မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
လမ်းပိတ်ဆို့မှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ သွားရောက်ကြမည့် ကုန်တင်ယာဉ်အများစုမှာ သတ်မှတ်အချိန် နေ့ရက်ထက် နောက်ကျပြီးမှသာ မူဆယ်သို့ ရောက်ရှိကြောင်း သိရသည်။
“အဓိကတော့ နေ့စဉ်နီးပါး ဒီလမ်းပိတ်တဲ့ပြဿနာက အဆိုးဆုံးပါ။ နိုဝင်ဘာလအတွင်း မူဆယ် ၁၀၅ မိုင် ပစ်ခတ်မှုတွေဖြစ်ပြီး နောက်ပိုင်း ရပ်နားထားတဲ့ ကုန်တင်ကားတွေက ဒီလအတွင်းမှာ စုပြုံပြီးမူဆယ်ကို တက်ကြတယ်။ တက်တဲ့ကားတွေကလည်း ၂၂ ဘီးတွဲ ကားတွေအများစုဖြစ်တယ်။ လမ်းမှာ တစ်စီးလောက်ပျက်ပြီး လမ်းပိတ်နေရင် တော်တော်နဲ့ ပြန်မပွင့်ဘူး။ နောက်ပြီး တချို့ယာဉ်မောင်းတွေက လွတ်တဲ့နေရာရှေ့တိုးတော့ တစ်ဖက်ကလာတဲ့ ကားနဲ့ခေါင်းချင်းဆိုင်ပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်ကုန်တယ်။ လောလောဆယ်မှာ ဖြစ်သင့်တာက ရှေ့မှာလမ်းပိတ်နေရင် နောက်ကားတွေက ကျော်မတက်ဘဲ အစီ အစဉ်အတိုင်းပဲ အလှည့်ကျထွက်ရင် လမ်းပိတ်တဲ့ပြဿနာကို အနည်းနဲ့အများ ဖြေရှင်းပေးနိုင်မယ်လို့မြင်တယ်” ဟု မူဆယ်သို့ ဖရဲသီးတင် ယာဉ်မောင်း ဦးညီညီက ဆိုသည်။
ဒီဇင်ဘာလအတွင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် ကားလမ်းပိတ်ဆို့မှု အများဆုံးမှာ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ ရှုခင်းသာကွေ့၌ အများဆုံးဖြစ်နေပြီး အကွေ့အကောက်များခြင်း၊ တွဲကားများ တစ်စီးနှင့်တစ်စီး ရှောင်ရန်ခက်ခဲခြင်း၊ လမ်းပိတ်စဉ် တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်းများကြောင့် လမ်းပိတ်ဆို့မှုမှာ နေ့စဉ်နီးပါးဖြစ်ပေါ်နေကြောင်း သိရသည်။
“ကားလမ်းပိတ်ဆို့မှု နေ့စဉ်ဖြစ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ မကောင်းတော့လို့၊ လမ်းတွေကျဉ်းလို့၊ နယ်စပ်ကုန်သွယ်မှုမှာ အဓိကကုန်သွယ်မှုလမ်းဖြစ်တဲ့အတွက် ကားတွေကများလာလို့၊ တချို့ မော်တော်ယာဉ်မောင်းသူတွေက စည်းကမ်းလိုက်နာမှုပိုင်းမှာ အားနည်းလို့၊ နေ့စဉ်ဖြတ်သန်းနေတဲ့ ကားအရေအတွက်နဲ့ လမ်းရဲ့အကျယ်အဝန်းကလည်း မျှတမှုမရှိလို့ ဒါတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလအတွင်းမှာပဲ နေ့စဉ်လမ်းပိတ်ဆို့မှုဟာ အကြိမ် ၅၀ ထက်မနည်း ပိတ်နေပါတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်သည် တရုတ်သို့ ပြောင်း၊ သကြား၊ ဖရဲ၊ သခွား အဓိက တင်ပို့နေချိန် ဖြစ်သောကြောင့် ကုန်စည်တင်ပို့သည့် ကားအရေအတွက်မှာလည်း များပြားလျက်ရှိပြီး ကုန်တင်ယာဉ်မောင်းများနှင့် ကုန်သည်များကလည်း ၎င်းတို့ကား မူဆယ်သို့ ပြေးဆွဲမှု အရေအတွက်များစေရန်အတွက် ကြိုးစားနေချိန်လည်း ဖြစ်ကြောင်း သိရသည်။
“အခုအချိန်က ဖရဲ၊ သခွားပေါ်ချိန်လည်းဖြစ်တယ်။ ပြောင်းတင်ပို့ချိန်လည်း ဖြစ်တယ်။ နှစ်စဉ်ဒီအချိန်မှာ ကုန်တင်ပို့ခနဲ့ ကုန်စည်များတဲ့အချိန်ဖြစ်တဲ့အတွက် မူဆယ်ကို တက်လာတဲ့ ကားတွေကလည်း များတယ်။ ကားခကလည်း ကောင်းတယ်ဆိုတော့ ကားတွေက ခေါက်ရေစိတ်အောင် မောင်းကြတယ်။ ဒါမှကုန်သည်တွေရော ယာဉ်မောင်းတွေရော တွက်ခြေကိုက်မယ်။ လမ်းမှာကားလမ်းတွေ ပိတ်တော့ တချို့ကားဆရာတွေက ကျော်တက်ကြတယ်။ ဒီအချိန်မှာ လမ်းပိတ်ဆို့မှုက ပိုဖြစ်လာတယ်။ လမ်းရဲ့အကျယ်အဝန်းက ဒီလမ်းပေါ်မှာ ဖြတ်သန်းနေတဲ့ ကားအရေအတွက်နဲ့မမျှဘူး8 ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ ဦးစိုင်းမြင့်ဗိုလ်က ပြောကြားသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား လမ်းပိတ်ဆို့မှုဖြစ်ပွားနေခြင်းကြောင့် လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်တွင် ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်ထားခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၂၂ ရက်အထိ ကုန်တင်ယာဉ်အများအပြား လားရှိုးမြို့ရှောင်လမ်းတွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

Most Read

Most Recent