တောင်ကြီးမြို့နယ် ရေပူကျေးရွာရှိ တောင်သူ ၇၂ ဦးကို တရားရုံးက ထောင်ဒဏ် တစ်လ ချမှတ်

တောင်ကြီးမြို့နယ် ရေပူကျေးရွာရှိ တောင်သူ ၇၂ ဦးကို တရားရုံးက ထောင်ဒဏ် တစ်လ ချမှတ်
Published 22 December 2016
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာရှိ တောင်သူပေါင်း ၇၂ ဦးကို ထောင်ဒဏ်တစ်လ ကျခံစေရန် တောင်ကြီးမြို့နယ် တရားရုံးမှ ဒီဇင်ဘာ ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့သဖြင့် တောင်သူများကို အချုပ်ကားဖြင့် တောင်လေးလုံး ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့နယ် တရားရုံးမှ ထောင်ဒဏ်တစ်လ ချမှတ်ခြင်းသည် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သော လုပ်ရပ်ဖြစ်ကြောင်းနှင့် တရားမျှတခြင်း မရှိကြောင်း ရေပူျတောင်သူများနှင့် အရပ်ဖက် အဖွဲ့အစည်းများက ပြောကြားလိုက်သည်။
ပိုင်နက်ကျူးကျော်မှု၊ အကျိုးပျက်စီးစေမှု ပုဒ်မ  ၄၄၇/၄၂၇ တို့ဖြင့် တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှုပေါင်း ၂၂ မှုအတွက် တောင်ကြီးမြို့နယ် တရားရံုံးခုံ (၁) (၂)၊ (၃) တို့မှ တစ်ပေါင်းတည်း အပြီးသတ်အမိန့်အဖြစ် ထောင်တစ်လချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၂ ရက်တွင် တောင်သူ ၉၆ ဦးကို ဆင့်ခေါ်ထားသော်လည်း သုံးဦးမလာသဖြင့် ၉၃ ဦးကို အမိန့်များ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။ တောင်သူ ၉၃ ဦးတွင် အသက် ၇၀ ကျော်အထက် ငါးဦးကို ငွေဒဏ် နှစ်သောင်းကျပ်၊ အသက်မပြည့်သူ ကလေးမတစ်ဦးကို ၅၀၀ ကျပ် ချမှတ်ခဲ့ကာ၊ ကျန်သော ၈၇ ဦး ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တောင်သူ ၈၇ ဦးစာရင်းတွင် နာမည်တူ၊ အမှုတွဲ တူညီကာ လူချင်းထပ်နေသဖြင့် ကျား ၄၀ ဦး၊ မ ၃၂ ဦး၊ တောင်သူ စုစုပေါင်း  ၇၂ ဦးတို့ကို တောင်လေးလုံးထောင်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ မလာရောက်ခဲ့သော သုံးဦးကို ဖမ်းဝရမ်းဖြင့် ဆင့်ခေါ်ကာ ဖမ်းဆီး သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် တရားလွှတ်တော်ရှေ့နေ ဒေါ် ခင်မိုးမိုးက ပြောကြားသည်။
ယနေ့ အမိန့်ချမှတ်သောနေ့၌ ရှမ်းပြည်နယ် တရားလွှတ်တော်ရှေ့နှင့် လမ်းထိပ်တို့တွင် လုံခြုံရေး ရဲတပ်သားများ၊ အချုပ်ကားများကို မနက်ပိုင်းမှစ၍ အပြည့်ချထားသည် ကို မြင်တွေ့ခဲ့ရပြီး၊ ညနေ ၃ နာရီခွဲတွင် အမိန့် ချမှတ်ကာ အချုပ်ကားများဖြင့် တောင်လေးလုံးထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“မတရား လုပ်သွားတယ်လို့။ ကိုယ့်မြေ ကိုယ့်ယာပေါ်မှာ လုပ်စားတာကို ထောင်လာချတယ်ဆိုတာ အမျိုးမဟုတ်ဘူးလို့၊ သက်သက်မဲ့လုပ်တာ။ မတရားတဲ့အမှု။ ထောင်လာချတယ်ဆိုတာ မတရားလုပ်သွားတာ”  ဟု ရေပူရွာမှ အသက် ၇၀ ကျော် တောင်သူဦးထွန်းကြည်က ပြောကြားသည်။
တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာ အုပ်စု၊ ရေပူကျေးရွာတွင် အမှုအခင်းဖြစ်ပွားနေသော မြေဧကပေါင်း ၄၀၀၀ ကျော်ရှိပြီး ၂၀၁၅ ခုနှစ်ခန့်ကလည်း တောင်သူ ဦးမြင့်အောင်သည် လယ်ယာမြေများ ပြန်လည်စွန့်လွှတ်ရန်အတွက် မိမိကိုယ်ကိုယ် မီးရှို့အဆုံးစီရင်ကာ ဆန္ဒပြခဲ့သဖြင့် သေဆုံးခဲ့ရခြင်းများရှိသည်။

Most Read

Most Recent