ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် လက်ပံတောင်းဒေသခံ တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး နှစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် လက်ပံတောင်းဒေသခံ တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး နှစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်
တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး နှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်နေစဉ်
တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး နှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်နေစဉ်
Published 22 December 2016
ဌေးလှအောင်၊ ရန်ပိုင်

ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် လက်ပံတောင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး နှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မိုးကြိုးပြင် ကျေးရွာတွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည်။
လက်ပံတောင်းကြေးနီစီမံကိန်း ဧရိယာအတွင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတောင်သူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဒေသခံများလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည်။
လက်ပံတောင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်းသေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ကျူးလွန်ခဲ့သည့် တရားခံကိုဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မိသားစုဝင် များက ပြောကြားသည်။
“ကျွန်မရဲ့အမေကို ရက်ရက်စက်စက်နဲ့ သတ်ဖြတ်သွားတယ်။ အမှုကလည်း အခုအချိန်အထိ နှစ်နှစ်ကြာလာပြီ တရားခံဘယ်သူလဲဆိုတာ မသိရသေးဘူး။ အဆင့်ဆင့်လွှဲချနေကြတယ်။ အမေစုအနေနဲ့ ကျွန်မတို့ မိသားစုကို မေးမြန်းသင့်ပါတယ်။ အမှုမှန်ကိုလည်း အမြန်ဆုံးပေါ်စေချင်တယ်။ အခုအစိုးရသစ်လက်ထက်မှာ အမှုမှန်ပေါ်အောင် ကြိုးစားသွားမယ်။ အစိုးရသစ်အနေနဲ့ အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျွန်မတို့ ဒေသခံတောင်သူတွေက အရမ်းဖိနှိပ်ခံနေရပါတယ်8 ဟု တောင်သူ ဒေါ်ခင်ဝင်း၏သမီးဖြစ်သူ မဝင်းခိုင်က ပြောကြားသည်။
လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခြင်း နှစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် အမှုအမှန် အမြန်ဆုံးဖော်ထုတ်ပေးရေး တောင်းဆိုပွဲသို့  အဖွဲ့အစည်းများမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး မိသားစုဝင်များက ဝမ်းနည်းစကားများ ပြောကြားခဲ့ကြသည်။
အဆိုပါအောက်မေ့ဖွယ်အခမ်းအနားနှင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးရေး တောင်းဆိုပွဲသို့ မိသားစုဝင်များ၊ ဒေသခံများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အစရှိသူတို့ တက်ရောက်ခဲ့ကြပြီး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းကပ်၍ သေဆုံးသူအတွက် အမျှအတန်းပေးဝေမှုများ ပြုလုပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့သည့်နေရာနှင့် ဒေါ်ခင်ဝင်း၏ အုတ်ဂူနေရာများသို့ သွားရောက်ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent