မန္တလေးရေလမ်းကြောင်း၌ ရေနည်းချိန်တွင် အရေးပေါ် သောင်တူးခြင်း လုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်

မန္တလေးရေလမ်းကြောင်း၌ ရေနည်းချိန်တွင် အရေးပေါ် သောင်တူးခြင်း လုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်
Published 22 December 2016
လဲ့လဲ့အောင်

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် မန္တလေး-ညောင်ဦး ရေလမ်းကောင်းမွန်ရေးအတွက် ရေနည်းချိန် ကာလတွင် အရေးပေါ် သောင်တူးခြင်း လုပ်ငန်းအဖြစ် မန္တလေး ကျွဲစွန်းဆိပ်ကမ်းအနီးမှ မန္တလေးရေလမ်းကြောင်းရှိ သောင်များကို ဖယ်ရှားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သောင်တူးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ဒေသခံများအား ရှင်းလင်းတင်ပြခြင်းကို ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး သောင်းတူးလုပ်ငန်း ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုနည်းရန်နှင့် လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း ရေယာဉ်များသွားလာမှု အဆင်ပြေစေရန်အတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
"မန္တလေးရေလမ်းကြောင်း ကျွဲစွန်းဆိပ်ကမ်းမှာက ဆိပ်ကမ်းမြစ် အလယ်လောက်မှာ သောင်ပေါ်နေပြီးတော့ ဆိပ်ကမ်းရေအလယ်သောင်နဲ့ ကမ်းပါးနဲ့ကြားမှာ သင်္ဘောတွေ ဝင်ထွက်လို့ မရတော့ဘူး။ ပိတ်သွားတဲ့အတွက်  အရေးပေါ် သောင်တူးလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်တယ်။ တူးမယ့်ပမာဏကတော့ အလျား မီတာ ၆၀၀ ခန့်လောက်အထိ တူးသွားမယ်။ လုပ်ငန်းကိုတော့ ဇန်နဝါရီလဆန်းမှာ လုပ်သွားမှာပါ" ဟု ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်သော ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း၊ မန္တလေး-ညောင်ဦး ရေလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း ဒါရိုက်တာ ဦးအောင်မျိုးခိုင်က ပြောကြားသည်။
အရေးပေါ် သောင်တူးခြင်း လုပ်ငန်းအဖြစ် မန္တလေးကျွဲစွန်းဆိပ်ကမ်းမှ အလျား မီတာ ၆၀၀ ခန့်၊ အကျယ် မီတာ ၇၀၊ အနက် အနေနှင့် ရေစစ်မျဉ်းအောက် နှစ်မီတာတူးဖော်သွားမည်ဖြစ်ကာ သောင်တူးမည့် ပမဏမှာ ကုဗမီတာ ၇၂၆၀၀ ရှိမည်ဖြစ်ကြောင်း သိရသည်။
"သောင်းတူးမယ့် ကာလကတော့ ၁၅ ရက်နဲ့ ရက် ၂၀ ကြားပဲကြာပါမယ်။ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ လုပ်တာဖြစ်တာကြောင့် သောင်တူးမယ့် စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်နဲ့ ရေယာဉ်တွေအတွက် အဆင်ပြေအောင် သောင်းတူးမယ့် အချိန်တွေ ဖြတ်သန်းသွားလာရမယ့်အချိန် တွေကိုလည်း ထုတ်ပြန်အသိပေးသွားမှာပါ။ သောင်တူးလုပ်ငန်းကနေ ထွက်ရှိလာတဲ့ သဲတွေပုံမယ့် နေရာတွေက သေချာရွေးချယ် စိစစ်ဆောင်ရွက်သွားမှာပါ" ဟု ဦးအောင်မျိုးခိုင်က ဆက်လက်ပြောကြားသည်။
ဒေသခံများအနေဖြင့် မန္တလေးကျွဲစွန်းဆိပ်နှင့် မရမ်းခြံဆိပ်အနီး သဲသောင်ဖြစ်ထွန်းခြင်းများကြောင့် လက်ရှိတွင် မြစ်တစ်ဖက် ကမ်းသံဗိုလ်ကျွန်းရွာတွင် ကမ်းပြိုမှုများ ရှိနေသည့်အတွက် သောင်တူးခြင်းကြောင့် ကမ်းပြိုမှုများ ပိုမိုမဖြစ်ပေါ်စေရန်နှင့် ကမ်းပြိုမှုကို ကာကွယ်နိုင်ရန်အတွက် စနစ်တကျ တူးပေးစေလိုကြောင်း ပြောကြားသည်။
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် မန္တလေး-ညောင်ဦး ရေလမ်းကောင်းမွန်ရေး အရေးပေါ် သောင်တူးခြင်း လုပ်ငန်းအဖြစ် မန္တလေးဆိပ်ကမ်းနှင့် ညောင်ဦးဆိပ်ကမ်းနေရာများတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၆၉ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို ဇန်နဝါရီလဆန်းတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent