အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီး GSP ပေးအပ်ထားကာ အမေရိကန်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရန် နှစ်ဖက်ဆွေးနွေး

အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီး GSP ပေးအပ်ထားကာ အမေရိကန်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရန် နှစ်ဖက်ဆွေးနွေး
 အမေရိကန်အခြေစိုက် Coca Cola ကုမ္ပဏီ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-မင်းသီဟဇော်)
အမေရိကန်အခြေစိုက် Coca Cola ကုမ္ပဏီ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-မင်းသီဟဇော်)
Published 22 December 2016
နီလာ

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းကာ GSP အခွန်သက်သာခွင့်များ ပေးအပ်ထားပြီဖြစ်သော်လည်း အမေရိကန်၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“အမေရိကန်က လောလောဆယ်မှာ အဆိုပြုလွှာတင်တာ မရှိသေးပါဘူး။ သို့သော်လည်း သူတို့ဆီက ကျွန်တော်တို့ဆီမှာ လာပြီးတော့ တွေ့ဆုံဆွေးနွေးတာ ရှိတယ်။ သတင်းအချက်အလက်တွေ အီးမေးလ်နဲ့မေးတာရှိတယ်။ အဲဒီတော့ အရင်တုန်းက မရှိခဲ့ဘူး။အခုတော့ ဒါလေးတွေ  စလာပြီပေါ့နော်။ စလာပြီဖြစ်တဲ့အတွက်  ကျွန်တော်ထင်ပါတယ်။ ဆန်ရှင်ရုပ်တယ်၊ GPS ပေးတယ်ဆိုပေမယ့် ချက်ချင်းကြီးတော့ မဖြစ်သေးဘူး။ တစ်နှစ်လောက် အတွင်းမှာတော့ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ အဓိကက  US Investment  တွေက အခုဝင်တာတွေက အမေရိကန်ဈေးကွက်ကို ပို့ချင်တဲ့ရင်းနှီးမြှုပ်နှံသူတွေက ပိုပြီးဝင်တယ်။ အမေရိကန်က စိတ်ဝင်စားတဲ့ကဏ္ဍမျိုးစုံ ရှိတယ်။ လက်ရှိမှာရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ IT လိုဟာမျိုးတွေ အားသန်တယ်။ ဝန်ဆောင်မှုကဏ္ဍတွေကိုလည်း ဝင်ပါတယ်”  ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။
ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP)သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်သက်သာခွင့် အထူးအခွင့်အရေးဖြစ်သည်။
အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ၁၉၇၆ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး  ၁၉၈၉ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံအပေါ် အမေရိကန်က GSP ပြန်လည်ပေးအပ်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အမေရိကန်၏ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာလေးသန်းကျော်သာ ရှိသော်လည်း စင်ကာပူကဲသို့ အခြားနိုင်ငံအမည်ခံကာ ဝင်ရောက်မှုမှာ ဒေါ်လာ နှစ်ဘီလျံရှိ ကြောင်း ၎င်းက ပြောကြားသည်။
“လက်ရှိမှာ ကျွန်တော်တို့ စာရင်းအရ အမေရိကန်ရဲ့ ရင်းနှီးမြုမှုက လက်ရှိလုပ်နေတာဆိုရင် ဒေါ်လာ လေးသန်းကျော်ပဲရှိတယ်။ ၁၉၈၉ ခုနှစ်ကနေ ခွင့်ပြုခဲ့တာ ဒေါ်လာ ၂၄၈ သန်း ကျော်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်ရဲ့ခေါင်းစဉ်အောက်ကနေ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ပမာဏက ၄ ဒသမ ၆၅၁ သန်းပဲရှိတယ်။မများဘူး။ သို့သော်လည်း အမေရိကန်ရင်းနှီးမြှုပ်နှံမှုက တိုက်ရိုက်မလာဘဲနဲ့ အခြားက လှည့်လာတာရှိတယ်။ ဥပမာ Coca Cola ဆိုရင် သူကအမေရိကန်အနေနဲ့ လာတာ မဟုတ်ဘူး။ စင်ကာပူအနေနဲ့လာတာ။ ကျန်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍမှာလည်း ဝင်တာတွေ ရှိတယ်။ အမေရိကန်ရဲ့ခေါင်းစဉ်အောက်က မဟုတ်ဘဲ အခြားနိုင်ငံတွေရဲ့ ခေါင်းစဉ်အောက်က ဥပမာ- စင်ကာပူအနေနဲ့ ဝင်တာပေါ့ အဲဒါက နှစ်ဘီလျံကျော်အထိ ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

Most Read

Most Recent