ဧရာဝဏ် - ရတနာ အိမ်ရာစီမံကိန်းရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား တစ်စတုရန်းပေ ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ရောင်းချပြီး တစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၆၀၀ မှ သိန်း ၁၂၀၀ အထိ ကျသင့်မည်

ဧရာဝဏ် - ရတနာ အိမ်ရာစီမံကိန်းရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား တစ်စတုရန်းပေ ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ရောင်းချပြီး တစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၆၀၀ မှ သိန်း ၁၂၀၀ အထိ ကျသင့်မည်
Published 22 December 2016
နီလာ

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း တည်ဆောက်ထားသည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းကို စင်ကာပူနိုင်ငံ၏ Surbana Jurong မှဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာလမ်းတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းမှ ပထမအဆင့် တည်ဆောက်ပြီးစီးသည့် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ ခြောက်လုံးအား မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းနှင့် အခန်းအကျယ်အဝန်းကိုလိုက်၍ ကျပ်သိန်း ၆၀၀ မှသိန်း ၁၂၀၀ အထိတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ ကွန်ဒိုတိုက်ခန်းများအား ကနဦးပေးချေငွေ ရာခိုင်နှုန်း ၃၀ ကို တစ်နှစ်အရစ်ကျ ပေးသွင်းပြီးကျန်ငွေကို တစ်လလျှင် ကျပ်ငါးသိန်းဝန်း ကျင်မှစ၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) ၏ Housing Loan System ဖြင့်စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ နှစ်ရှည်ချေးငွေကာလကို ရှစ်နှစ်မှ ၁၅နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်နေသည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှာ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေပြီး အဆိုပါအခြေအနေကို အစိုးရအဖွဲ့မှ ကူညီစေလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌက ဒီဇင်ဘာ ၁ ရက်က UMFCCI ၌ကျင်းပသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေသို့ တင်ပြခဲ့ကြောင်း သိရသည်။
“အရှေ့ဘက်မှာ ဒုတိယသမ္မတကြီးတို့ ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ Investor တွေလိုပြီးတော့ အစကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်တာပါ။ အခုကျ Investment တွေလိုနေပြီး ပိုက်ဆံလည်းမရှိတဲ့ အတွက်ကြောင့်မို့ ရပ်ဆိုင်းနေပါတယ်။ အဲဒါကိုလည်း အလေးအနက် စဉ်းစားပြီးတော့ ကျွန်တော်တို့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဒီကဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ဝိုင်းလုပ်နေကြတာပါ။ အဲဒါကိုလည်း ပိုပြီးမြန်ဆန် သွက်လက်ဖို့အတွက် စဉ်းစားပေးပါလို့ တင်ပြလိုပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။
အိမ်ရာစီမံကိန်းနှစ်ခုကို၂၀၁၃ ခုနှစ်ဧပြီ ၁၀ ရက်က မြေဧက ၂၂၀ ၌ စတင်ဆောက်လုပ်ခဲ့ပြီး ဧရာဝဏ် - ရတနာ တန်ဖိုးသင့် အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ်အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၁၆၆၉၆ ခန်းပါဝင်သည်။ အခန်းများကို အကျယ်အဝန်း 600 sqft မှစ၍ ဆောက်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ကနဦးတွင် ၁၈ ထပ် အဆောက်အအုံ ခြောက်လုံး ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။                          

Most Read

Most Recent