တောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားနှင့် သင်္ဃန်းကျွန်းစံပြဈေးအနီး လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်ရန် တင်ဒါခေါ်ယူ

တောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားနှင့် သင်္ဃန်းကျွန်းစံပြဈေးအနီး လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်ရန် တင်ဒါခေါ်ယူ
Published 22 December 2016
ကျော်ထင်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားတစ်စင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူထားသည်။
တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်း နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့ကို ဆက်သွယ်သည့် နှစ်လမ်းသွား ငမိုးရိပ်ချောင်းကူးတံတား တစ်စင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း (စံပြဈေးအနီး) တွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ခြင်းအတွက် တိုင်းရင်းသားပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
တင်ဒါများကို နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများ လိုက်နာရန်ညွှန်ကြားချက်များနှင့်အညီ တင်သွင်းရန်ဖြစ်ပြီး တင်ဒါ စာရွက်စာတမ်းများကို ဒီဇင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ ရန်ကုန်မြို့တော်ခန်းမရှိ အင်ဂျင်နီယာဌာန (လမ်းတံတား) တွင် ဝယ်ယူနိုင်ကြောင်း၊ ဆောင်ရွက်မည့် ဒီဇိုင်းပုံစံ အပါအဝင် တင်ဒါစာရွက် အပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ ပြန်လည် တင်သွင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  တင်ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်က ပထမဆုံး စတင်ရေးဆွဲသော လာမည့် ၂၀၁၇- ၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်အား ဒီဇင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းခဲ့ရာ အဆိုပါဘတ်ဂျက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ရန်ကုန်မြို့ရှိ နေရာခုနစ်ခုတွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ရန် တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ ခန့် တောင်းခံထားရာ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က လူကူးခုံးကျော်တံတား တစ်စင်းလျှင် ကျပ်သန်း ၂၀၀  သာ တင်ပြတောင်းခံခဲ့ခြင်းကြောင့် များစွာကွာခြားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်၍ ဝေဖန်ခဲ့ကြသည်။
ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့မှုနှင့် ပတ်သက်၍ လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန် တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ တောင်းခံထားမှုမှာ ဆောက်လုပ်မည့်နေရာ၊ ယာဉ်အခြေအနေ၊ တံတား၊ ဒီဇိုင်းပုံစံပေါ် မူတည်၍ ကုန်ကျနိုင်သည့် ခန့်မှန်းလျာထားမှု ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြန်လည်းရှင်းလင်းခဲ့သည်။

Most Read

Most Recent