ဖြောင့်မတ် မှန်ကန်သည့် တရားစီရင်ရေး ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် MCDF ခေါင်းဆောင် ကိုထင်ကျော် တိုက်တွန်း

ဖြောင့်မတ် မှန်ကန်သည့် တရားစီရင်ရေး ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် MCDF ခေါင်းဆောင် ကိုထင်ကျော် တိုက်တွန်း
Published 22 December 2016
နေမျိုးဝင်း

ဖြောင့်မတ်မှန်ကန်သည့် တရားစီရင်ရေး ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် MCDF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု)အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ကိုထင်ကျော်က ဒီဇင်ဘာ ၂၁ ရက်တွင် တိုက်တွန်းပြောကြားသည်။
ယင်းနေ့တွင် ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (က)ဖြင့် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေအဖြစ် မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။
“ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ပေါ်ပေါက်ရေးအတွက် အားလုံးပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်ကြပါ။ အဓိကကတော့ နိုင်ငံတော်မှာ ပြစ်မှုကျုးလွန်နေတဲ့သူတွေကို တရားဥပဒေအရ တရားရုံး ရောက်တဲ့အထိ ကျွန်တော်တို့ MCDF အဖွဲ့က ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့ MCDF အဖွဲ့က အမှန်တရားမှ လွဲပြီး မည်သူမျှကြောက်ရွံ့ ဂရုစိုက်နေမှာ မဟုတ်ပါဘူး ဆိုတာ ပြည်သူတွေကို ကျွန်တော်တို့ အသိပေးလိုပါတယ်” ဟု MCDF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဆိုသည်။
ယခင် ရုံးချိန်းများက စစ်ဗိုလ်ချုပ်ဟောင်းအချို့ကို အရေးယူပေးရန် ကိုထင်ကျော်က ဦးတိုက် လျှောက်ထားခဲ့သည့်အမှုကို မြို့နယ်တရားသူကြီးက ပယ်ချခဲ့ကြောင်း ကိုထင်ကျော်က ပြောကြားထားသည်။
“တရားဥပဒေစိုးမိုးရေးနဲ့ ဖြောင့်မတ်မှန်ကန်ရေးဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနေ့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဟာလည်း ပြည်သူတွေ ငတ်မွတ်ခေါင်းပါးနေတာ တရားဥပဒေစိုးမိုးမှု မရှိလို့ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ပိုင်ဆိုင်မှု အရင်းအမြစ်တွေအားလုံး ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုဟာ တစ်နိုင်ငံလုံးရဲ့ ၇၅ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီပိုင်ဆိုင်မှုတွေကို တရားသဖြင့် စိစစ်ပြီးတော့မှ မမှန်မကန် နည်းလမ်းနဲ့ တည်ဆောက်ထားတာဆိုရင် အားလုံး ပိတ်သိမ်းပြီး မျှဝေခံစားဖို့အတွက် တရားမျှတသော ဈေးကွက်စီးပွားရေးစနစ် ဖန်တီးပေးရန် လိုပါတယ်။ အဲဒီတော့ ခရိုနီတွေ ပိုင်ဆိုင်မှု၊ စစ်ဗိုလ်ချုပ်တွေ ပိုင်ဆိုင်မှု၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုင်ဆိုင်မှုတွေ အားလုံးကို ပြည်သူတွေသိအောင် အမြန်ဆုံး ဖွင့်ဖော်ပြီးတော့မှ အရေးယူပေးဖို့ လိုပါတယ်။ တရားမျှတစွာနဲ့ လုပ်ငန်းတွေ ပြည်သူအားလုံး ခံစားခွင့်ရဖို့အတွက် တန်းတူညီမျှ အခွင့်အရေးရဖို့ လိုပါတယ်”ဟု ကိုထင်ကျော်က ဆက်လက်ပြောကြားသည်။
ဖြစ်စဉ်မှာ MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့)မှ ခေါင်းဆောင်ဖြစ်သူ ကိုထင်ကျော်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဇော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုသဖြင့် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်ရှိ MDCF ရုံးခန်းတွင် ဖမ်းဆီးခဲ့ကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ကိုထင်ကျော်မှာ ရန်ကင်းမြို့နယ် တရားရုံးတွင် ၄၄၇၊ အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ တို့ဖြင့် တရားရင်ဆိုင်လျက်ရှိပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင်လည်း ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားရင်ဆိုင်လျက်ရှိကြောင်း သိရသည်။        

Most Read

Most Recent