လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်မလုပ်ဘဲ ဆန္ဒပြနေသည့် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမားများ တောင်းဆိုမှုများ ရရှိသဖြင့် လုပ်ငန်းခွင်ပြန်ဝင်

လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်မလုပ်ဘဲ ဆန္ဒပြနေသည့် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမားများ တောင်းဆိုမှုများ ရရှိသဖြင့် လုပ်ငန်းခွင်ပြန်ဝင်
Published 22 December 2016
ရှိုင်းလင်းအောင်

လုပ်ခလစာများ တိုးမြှင့်ပေးရန်အတွက် အလုပ်မလုပ်ဘဲ ဆန္ဒပြနေသည့် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ တောင်းဆိုမှုများ ရရှိသဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကာ အလုပ်လုပ်နေပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်က အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ကင်းဝန်မင်းကြီးလမ်းရှိ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမား ၅၀၀ ခန့်သည် ကျွမ်းကျင်စက်ချုပ် တစ်ဦးလျှင် အချိန်ပိုကြေး အပါအဝင် တစ်လလျှင် လစာ တစ်သိန်း ခြောက်သောင်းခန့်နှင့် စက်ချုပ်အကူ တစ်ဦးလျှင် တစ်သိန်းနှစ်သောင်းကျပ်ခန့်သာ ရရှိခြင်း၊ တစ်ရက် အလုပ်ပျက်လျှင် ကျပ်တစ်သောင်းကျော် လစာထဲမှ ဖြတ်တောက်ခံရခြင်းနှင့် အခြား အလုပ်သမားခံစားခွင့်များ မရသည့်အတွက် ဒီဇင်ဘာ ၇ ရက်မှစ၍ လုပ်ငန်းခွင်မဝင်ဘဲ လစာများ တိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။
ထိုသို့ ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများနှင့် အလုပ်ရှင်တို့သည် လှိုင်သာယာမြို့နယ် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးရုံးတွင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားများ ဆန္ဒပြသည့် ၁၀ ရက်အကြာ ဒီဇင်ဘာ ၁၆ ရက်တွင် အလုပ်သမားများနှင့် အလုပ်ရှင်တို့ ညှိနှိုင်းမှုပြေလည်ခဲ့သဖြင့် အလုပ်သမားအနေဖြင့် လုပ်ငန်းခွင်အတွင်း ပြန်လည် ဝင်ရောက်ကာ အလုပ် လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ တောင်းဆိုထားတဲ့အချက်တွေ ရတဲ့အတွက် ၁၅ ရက်နေ့ နေ့လည်မှာ စာချုပ် ချုပ်တယ်။ ၁၆ ရက်မှာ အလုပ်ပြန်လုပ်တယ်။  စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေက ကျွမ်းကျင် A အဆင့်ရှိတဲ့ အလုပ်သမားတွေကို တစ်လကို နှစ်သောင်း၊ B ဆိုရင် တစ်သောင်းခွဲ၊ C ဆို တစ်သောင်း။ နှစ်ကြေးနဲ့ ခွဲမယ်ဆိုရင် လုပ်သက်တစ်နှစ်ရှိရင် တစ်ရက်ကို ၃၆၀၀ နှုန်း၊ နှစ်နှစ်ဆိုရင် ၅၆၀၀၊ သုံးနှစ်ဆို ၆၅၀၀ ရမယ်လို့ ပါတယ်။  အနည်းဆုံး အလုပ်သမားတစ်ယောက်ရဲ့ လစာဆိုရင် တစ်သိန်းရှစ်သောင်းကျော် ရမယ်။ အဲဒါ အချိန်ပိုကြေးတွေပါ အကုန်ပါတယ်”ဟု ဟန်ကျိုးပိုင်ရီအထည်ချုပ်စက်ရုံ အလုပ်သမား တစ်ဦးဖြစ်သူ မဝင်းရွှေစင်က ပြောကြားသည်။
အဆိုပါ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံသည် နိုင်ငံခြားသို့ တင်ပို့သည့်အမျိုးသမီးဝတ် ဂါဝန်များ၊ စကတ်များစသည်တို့ကို ချုပ်လုပ်သည့်စက်ရုံ ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent