လာမယ့် ဒီဇင်ဘာ (၄) ရက် (တနင်္ဂနွေနေ့)၊ ညနေ(၆)နာရီမှာ ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ကစားကြတော့မှာပါ။ မြန်မာပရိသတ်တွေအနေနဲ့ ထိုင်းလက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းတို့ရဲ့ယှဉ်ပြိုင်မှုကို မိမိတို့ရဲ့အိမ်ကွင်းမှာ ဆယ်စုနှစ် (၄) ခုကျော်ကြာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုင်းဘောလုံးအသင်းတွေဟာ မြန်မာနိုင်ငံကို မကြာခဏလာရောက်ကစားခဲ့ဖူးပေမယ့် သက်တမ်းအလိုက် အသင်းတွေနဲ့ ညွန့်ပေါင်းအသင်းတွေသာ လာရောက်ကြတာဖြစ်ပြီး လက်ရွေးစင်အသင်းကြီးအနေနဲ့ နောက်ဆုံးလာရောက်ကစားခဲ့တာက ၁၉၇၂ မြူးနစ်အိုလံပစ် ခြေစစ်ပွဲမှာဖြစ်ပါတယ်။ အာရှဇုန် (၂) ခြေစစ်ပွဲအဖြစ် ရန်ကုန်မြို့၊ အောင်ဆန်းကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ (ထိုစဉ်ကသီဟိုဠ်)၊ အိန္ဒိယ၊ အစ္စရေး၊ အင်ဒိုနီးရှားအသင်းတွေ ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီတုန်းက နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာနဲ့ထိုင်းတို့ ဆုံတွေ့ခဲ့ကြပြီး မြန်မာအသင်းက (၁-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အနောက်ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ မြူးနစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
မြန်မာ့မြေပေါ်မှာ မြန်မာကို မနိုင်ဖူးသေးတဲ့ ထိုင်းအသင်း
နိုင်ငံတကာ ဘောလုံးစာရင်းမှတ်တမ်းပြုစုရေးအဖွဲ့ (RSSSF) နဲ့ မြန်မာဘောလုံးသမိုင်း မှတ်တမ်းစာအုပ်ပါ အချက်အလက်တွေအရ ထိုင်းလက်ရွေးစင်အသင်းဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း ပွဲစဉ် (၄) ပွဲသာ လာရောက်ကစားခဲ့ဖူးပြီး ၁၉၆၉ ကျွန်းဆွယ်ပြိုင်ပွဲတုန်းက (၂) ပွဲ၊ အထက်မှာရေးခဲ့တဲ့ ၁၉၇၂ မြူးနစ်အိုလံပစ်ခြေစစ်ပွဲမှာ (၂)ပွဲ လာရောက်ကစားခဲ့တာဖြစ်ပါတယ်။ ထိုင်းလက်ရွေးစင် အသင်းအနေနဲ့ မြန်မာ့မြေမှာ နိုင်ပွဲတစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးဘဲ (၁) ပွဲသာသရေကျကာ (၃) ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၆၉ကျွန်းဆွယ် (ဘောလုံး) ပြိုင်ပွဲ၊ အုပ်စုပွဲစဉ်မှာ (၁-၁) ဂိုးနဲ့ သရေကစားခဲ့ပြီး ဗိုလ်လုပွဲမှာ အိမ်ရှင်မြန်မာအသင်းကို (၃-ဝ) ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။ ၁၉၇၂ မြူးနစ်အိုလံပစ်ခြေစစ်ပွဲမှာလည်း ဗိုလ်လုပွဲမတိုင်ခင် အုပ်စုအဆင့်မှာဆုံတွေ့ခဲ့ပြီး မြန်မာအသင်းက ထိုင်းအသင်းကို (၇-ဝ) ဂိုးနဲ့ပြတ်ပြတ်သားသား အနိုင်ယူပြီးတော့ ဗိုလ်လုပွဲမှာ (၁-ဝ) ဂိုးနဲ့ထပ်အနိုင်ယူခဲ့ပါတယ်။ အဲဒီတုန်းက ခြေစစ်ပွဲဝင် (၆) သင်းကို နှစ်အုပ်စုခွဲပြီး ပြိုင်ပွဲအသွင်ကစားခဲ့ရာမှာ တစ်အုပ်စုတည်းကျတဲ့ မြန်မာနဲ့ထိုင်းတို့ ဗိုလ်လုပွဲမှာ ထပ်တွေ့ခဲ့တာပါ။ (မြန်မာ ၇-၀ ထိုင်းပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့ ဦးခင်မောင်တင့်ဟာ ၂၀၀၅ ယူ - ၁၇ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာယူ - ၁၇အသင်းကို နည်းပြချုပ်အဖြစ်ကိုင်တွယ်ခဲ့ပြီး ထိုင်းမြေမှာ ထိုင်းအသင်းကို ပယ်နယ်တီနဲ့ အနိုင်ယူပြီး မြန်မာယူ - ၁၇အသင်းဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။)
လက်ရွေးစင်အသင်းအဆင့်မှာ မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းကို နောက်ဆုံးနိုင်ခဲ့တာ စင်ကာပူနိုင်ငံမှာ ၁၉၈၃ ခုနှစ်က ကျင်းပခဲ့တဲ့ (၁၂) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာဖြစ်ပြီး အဲဒီတုန်းက အုပ်စုပွဲစဉ်မှာ (၁-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာအသင်းအနေနဲ့ ၁၉၈၃ ခုနှစ်နောက်ပိုင်း ထိုင်းနဲ့တွေ့တဲ့ (၁၈) ကြိမ်မှာ (၅) ပွဲသရေကျပြီး (၁၃) ပွဲရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာလက်ရွေးစင် အသင်းအနေနဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းနှစ်တွေမှာ ထိုင်းကိုအနိုင်မရတာမှန်ပေမယ့် ခြေရောဂိုးရော ပြတ်ပြတ်သားသားရှုံးတာဆိုလို့ အတော်နည်းပါတယ်။ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲမှာ (ဝ-၄) ဂိုးအထိ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲကလွဲလို့ နောက်ပိုင်းပွဲတွေမှာ ထိုင်းအသင်းကိုအခက်တွေ့အောင် ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာ မြန်မာအသင်းကို သိသိသာသာ အသာရလာတဲ့အသင်းက ဗီယက်နမ်အသင်းဖြစ်ပြီး ဗီယက်နမ်နဲ့တွေ့ရင် သူတို့ရဲ့အမြန်နှုန်းကို မြန်မာကစားသမားတွေ မထိန်းချုပ်နိုင်တာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ဂိုးပေးရတာလည်း များခဲ့ပါတယ်။ ထိုင်းအသင်းကိုတော့ ရှုံးသည့်တိုင် သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး သိက္ခာရှိရှိ ရှုံးနိမ့်တာများပါတယ်။ မြန်မာအသင်းအနေနဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းကစားခဲ့တဲ့ လက်ရွေးစင်အဆင့်ပွဲစဉ်တွေမှာ ထိုင်းနဲ့ (၆) ကြိမ်ဆုံတွေ့ခဲ့ပြီး (၃)ပွဲကို သရေခံကစားနိုင်ခဲ့ပါတယ်။ ၂၀၀၆ မာဒေးကားဖလားပြိုင်ပွဲမှာဆိုရင် အုပ်စုအဆင့်မှာ ထိုင်းကိုခြေရည်တူကစားနိုင်ခဲ့ပြီး (၂-၂) ဂိုးရလဒ်နဲ့ သရေကျခဲ့ပါတယ်။ ၂၀၀၇ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း အုပ်စုအဖွင့်ပွဲမှာ (၁-ဝ) ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး နာကျင်အချိန်ပို (၉၄) မိနစ်ရောက်မှ ချေပဂိုးပြန်ပေးခဲ့ရလို့ ထိုင်းကို နှစ်ပေါင်းရှည်ကြာ နိုင်ပွဲမရတာကို အဆုံးမသတ်နိုင်ခဲ့တာပါ။
ထိုင်းအသင်းရဲ့အမြန်ပေး Tik-Tok
ထိုင်းလက်ရွေးစင်အသင်းကို လက်ရှိမှာ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ ကိုင်တီဆက်က ကိုင်တွယ်လျက်ရှိနေပြီး သူ့လက်ထက်မှာ Tik-Tok ဆိုတဲ့နည်းဗျူဟာနဲ့ ကစားစေလျက်ရှိပါတယ်။ Tik-Tok ဆိုတာအမှန်တကယ်တော့ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းကို အောင်မြင်မှုတွေ အမြောက်အမြားရရှိစေခဲ့တဲ့ Tiki-Taka ကစားဟန်ကိုပဲ အခြေခံတာပါ။ ကလပ်အသင်း ဘောလုံးလောကမှာ ဘာစီလိုနာ၊ နိုင်ငံတကာဘောလုံးလောကမှာ စပိန်လက်ရွေးစင်အသင်းတို့ အောင်မြင်မှုတွေ မရယူခင်ကတည်းက ထိုင်းအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးတဲ့ Possession Football ကိုကစားခဲ့တာပါ။ အရှေ့တောင်အာရှ ဘောလုံးလောကမှာ အောင်မြင်မှုတွေ ဆက်တိုက်ရယူခဲ့စဉ်အချိန်က ပြိုင်ဘက်အသင်းတွေကို ဘောလုံးပိုင်ဆိုင်မှုနဲ့ High-Pressing လုပ်ပြီး ဖိကစားတဲ့နည်းဗျူဟာနဲ့ ထိုင်းတို့အနိုင်ယူခဲ့တာပါ။ ခေတ်သစ်ဘောလုံးလောကမှာ Tiki-Taka ကစားဟန်အောင်မြင်လာတဲ့အချိန်မှာ မူလကတည်းက ဒီပုံစံနဲ့ယဉ်ပါးတဲ့ ထိုင်းအသင်းဟာ Tiki-Taka ကိုပုံတူကူးချခဲ့ပြီး ကိုင်တီ ဆက်လက်ထက်မှာတော့ Tik-Tok နည်းဗျူဟာဖြစ်လာပါတယ်။ အမှန်တော့ Tik-Tok ဆိုတာ “နာရီသံချက်ချက်ညံ” ဆိုသလိုပဲ နာရီစက္ကန့် လက်တံသွားတဲ့အခါ မြည်တဲ့အသံကို မြည်သံစွဲအဖြစ် ယူထားတာပါ။ Tick-Tock ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး နာရီလက်တံသွားသလို ဘောလုံးကိုတစ်ဦးထံတစ်ဦး အဆက်မပြတ်ပေးပို့ကာ ရွေ့လျားသွားလာတာမျိုးဖြစ်ပါတယ်။ Tiki-Taka မှာ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးသလို၊ Tik-Tok ကလည်း ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးတာမှန်ပေမယ့် အနည်းငယ်ကွဲတာက မိမိခြေထဲမှာ ဘောလုံးကိုကြာကြာမထားဘဲ အလျင်အမြန်ပေးပို့ ကစားစေတာဖြစ်ပါတယ်။ လက်ရှိထိုင်းလက်ရွေးစင်အသင်းမှာ ကစားသမားအများစုဟာ ခန္ဓာကိုယ်အရွယ်အစား သေးငယ်တာကြောင့် ဒီဘောလုံးဒဿနဟာ ထိုင်းအသင်းနဲ့ အသင့်တော်ဆုံးလို့ ကိုင်တီဆက်က ပြောကြားဖူးပါတယ်။ ဥရောပကစားသမားတွေလို ကြီးမားကြံ့ခိုင်တဲ့ ခန္ဓာကိုယ်မျိုးကို မပိုင်ဆိုင်တာကြောင့် ဘောလုံးဆုံးရှုံးဖို့ လွယ်ကူတဲ့အဝေးဘော (Long Ball) ပေးပို့ကစားခြင်းထက် ဒီလိုအမြန်ပေးထိုးဖောက်နည်းက ထိုင်းအသင်းအတွက် အကောင်းဆုံးဖြစ်တယ်လို့ ကိုင်တီဆက်က ဆိုပါတယ်။ ဘောလုံးပိုင်ဆိုင်မှု များများရအောင်ကစားခြင်းဟာ ထိုင်းအသင်း အနိုင်ရဖို့ အခွင့်အလမ်းများများ ရခြင်းဖြစ်တယ်လို့ ကိုင်တီ ဆက်ကသုံးသပ်ပေမယ့် သူ့ကစားသမားတွေကို ဘောလုံးကိုင်မကစားဖို့လည်း ညွှန်ကြားထားပါတယ်။ ကိုင်တီဆက်ရဲ့ ဘောလုံးဒဿနကတော့ ဘောလုံးကိုလျင်မြန်စွာရွေ့လျားပြီး တစ်ဖက်အသင်း ဂိုးပေါက်ဆီကို ရောက်အောင်ပို့ဆောင်ခြင်းပါပဲ။ ပြိုင်ဘက်ဆီက ဘောလုံးကိုရအောင်ယူ၊ တိုက်စစ်ဆင်ဖို့ လျင်မြန်စွာရွေ့လျား၊ မိမိအသင်းဖော်ဆီ ဘောလုံးကိုလျင်မြန်စွာပေး အစရှိတာတွေက လေ့ကျင့်ကွင်းမှာ ထိုင်းလက်ရွေးစင်ကစားသ မားတွေအမြဲကြားနေရတဲ့ ကိုင်တီဆက်ရဲ့ စကားသံတွေဖြစ်ပါတယ်။ ဒီလိုဘောလုံးကို လျင်မြန်စွာပေးပို့ခြင်းက မိမိခြေထဲက ဘောလုံးဖျက်ထုတ်ခံရဖို့ အခွင့်အလမ်း နည်းစေတယ်လို့ ဆိုပါတယ်။
Foul မဖြစ်အောင် သတိထားရမယ့် မြန်မာအသင်း
ဒါကြောင့် ထိုင်းအသင်းနဲ့ရင်ဆိုင်ရာမှာ မြန်မာကစားသမားတွေ သတိထားသင့်တာက ထိုင်းကစားသမားတွေရဲ့ ခြေထောက်ထဲက ဘောလုံးကိုရယူဖို့ ကြိုးစားရာမှာ နည်းနည်းလေးမှ နောက်မကျဖို့ပါပဲ။ One Touch Passing (တစ်ချက်ထိ အပေးအယူ) တွေကိုတွေ့ရဖို့ရှိနေပြီး ဘောလုံးဆွဲပြေးတဲ့ အချိန်တွေကလွဲလို့ ဘောလုံးအပေးအယူ လုပ်တဲ့အချိန်တွေမှာ ထိုင်းကစားသမားတွေရဲ့ ခြေထောက်ထဲ ဘောလုံးကြာကြာ မရှိနိုင်တာကြောင့် ကိုယ်အဝင်နောက်ကျရင် လူကို Off The Ball (ဘောလုံးမပါဘဲ) ဖျက်ထုတ်မိသလိုဖြစ်ပြီး အနီ၊ အဝါကတ်တွေ ထိနိုင်ပါတယ်။ ဒါကြောင့်ဘောလုံးဆုံးရှုံးချိန်မှာ ထိုင်းကစားသမားတွေ ခြေထောက်ထဲက ဘောလုံးကိုရယူဖို့ထက် သူတို့ရဲ့ Passing လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ အဓိကကြိုးစားရမှာပါ။ ဘောလုံးဖျက်ထုတ်မှုတွေ (Tackles) ကို ဒီပွဲမှာ တော်တော်သတိထားရမှာဖြစ်ပြီး ဘောလုံးလမ်းကြောင်းဖြတ်တောက်မှု (Interception) ကိုအဓိကထားကစားရမှာ ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းရဲ့ High Pressing Control Game မှာ မျောပါမသွားဖို့ပါပဲ။ ဒီနောက်ပိုင်းခေတ်မှာ မြန်မာလက်ရွေးစင် ကစားသမားအများစုပါဝင်တဲ့ မြန်မာ ယူ - ၂၃ အသင်းဟာ ထိုင်း ယူ - ၂၃ အသင်းနဲ့ အဓိကကျတဲ့ ဗိုလ်လုပွဲ (၂) ပွဲ ကစားခဲ့ဖူးပါတယ်။ အဲဒါကတော့ ၂၀၀၇ ဆီးဂိမ်းစ်ဗိုလ်လုပွဲနဲ့ ၂၀၁၅ ဆီးဂိမ်းစ် ဗိုလ်လုပွဲတွေဖြစ်ပြီး ဒီပွဲ (၂) ပွဲစလုံး ထိုင်းတို့ရဲ့ကစားကွက်ကို မျောပါခဲ့တာကြောင့် ရွှေတံဆိပ်တွေနဲ့လွဲပြီး ဒုတိယနေရာတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လက်ရှိမြန်မာလက်ရွေးစင်အသင်းမှာ ၂၀၁၅ ဆီးဂိမ်းစ် ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့တဲ့ ကျော်ဇင်ဖြိုး၊ လှိုင်းဘိုဘို၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ ကျော်ဇင်လွင်၊ ရဲကိုဦး၊ ကောင်းဆက်နိုင် အစရှိတဲ့ကစားသမားတွေ ပါဝင်နေပြီး ထိုင်းလက်ရွေးစင်အသင်းမှာလည်း ချာနာတစ်၊ ပီရာပတ်၊ ဆာရက်ချ်ယူယန်း၊ ထရစ်စတန်ဒူ၊ ရန်းဂရက် အစရှိတဲ့ ကစားသမားတွေပါဝင်နေပါတယ်။
ခြေတက်လာတဲ့မြန်မာနဲ့ နောက်တန်းဟာကွက်ရှိတဲ့ ထိုင်းတွေ့ပြီ
မြန်မာလက်ရွေးစင်အသင်းကို ဒီပြိုင်ပွဲမတိုင်ခင် ပရိသတ်တွေ အားမရခဲ့ပေမယ့် အုပ်စုပွဲ (၃) ပွဲကစားပြီးချိန်မှာ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာသလို၊ ကစားသမားတွေကြား အချိတ်အဆက်ရှိမှု၊ နားလည်မှုပိုပြီး ပြည့်ဝလာတာကို တွေ့ရပါတယ်။ လက်ရှိမြန်မာအသင်းရဲ့ ခြေစွမ်းကထိုင်းအသင်းကို ကောင်းကောင်းယှဉ်နိုင်တဲ့ အရည်အသွေးရှိပြီး ထိုင်းနောက်တန်းကို ထိုးဖောက်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်အင်အားလည်းရှိပါတယ်။ ထိုင်းအသင်းကစားခဲ့တဲ့ အုပ်စုပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ထိုင်းအသင်းဟာ တိုက်စစ်ကောင်းပေမယ့် နောက်တန်းမှာ အားနည်းချက်တွေရှိတာကို တွေ့နိုင်ပါတယ်။ မန်စီးတီး၊ ဘာစီလိုနာအသင်းတွေလိုပဲ High Pressing ကစားတဲ့အသင်းတွေရဲ့ အားနည်းချက်ပုံစံအတိုင်း နောက်တန်းအစွန်ကစားသမားတွေနဲ့ ခံစစ်အလယ်ကစားသမားတွေကြား၊ နောက်တန်းကစားသမားတွေနဲ့ ဂိုးသမားရဲ့ကြားမှာ Space တွေရှိနေတတ်ပြီး Quick Counter Attacking ကစားတဲ့အသင်းတွေနဲ့တွေ့ရင် ဒီလိုအသင်းတွေဟာ ဂိုးပေးရလေ့ရှိပါတယ်။ မြန်မာအသင်းအနေနဲ့ အောင်သူ၊ ကောင်းဆက်နိုင်၊ ဒေးဗစ်ဒန်းတို့လို လျင်မြန်တဲ့ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် ထိုင်းနောက်တန်းက နေရာလွတ်၊ ဟာကွက်တွေကို မိမိရရအသုံးချနိုင်ဖို့ပဲ လိုအပ်ပါတယ်။ မြန်မာအသင်းအတွက် နောက်ထပ်အရေးကြီးတာကတော့ တီရာဆေးလ်ဒန်ဒါ၊ ဆာရာဝပ်တို့လို အဆုံးသတ်ကောင်းတဲ့ ကစားသမားတွေကို (Clear Cut Chances) အပိုင်ဂိုး ကန်သွင်းခွင့်တွေမပေးဖို့ပါပဲ။
သေချာတာကတော့ ထိုင်းဆိုတာမြန်မာအသင်းအတွက် ကြောက်စရာအသင်း တစ်သင်းမဟုတ်ပါဘူး။ အထူးသဖြင့် မိမိမြေ၊ မိမိကွင်း၊ မိမိပရိသတ်ရှေ့မှောက်မှာ ကစားရမယ့် ပထမအကျော့ပွဲစဉ်ကို အခွင့်အရေး အပြည့်အဝရအောင်ယူပြီး ကစားဖို့ပဲလိုအပ်ပါတယ်။ ထိုင်းအသင်းဟာ လက်ရှိမှာအရှေ့တောင်အာရှရဲ့အကောင်းဆုံးအသင်းဆိုရင် မြန်မာကလည်း အာရှမှာအအောင်မြင်ဆုံး အရှေ့တောင်အာရှအသင်းပါ။ ဒီတော့ ထိုင်းအသင်းဟာ မြန်မာတို့အတွက် ရှိန်နေစရာ၊ အနိုင်မရစရာ အသင်းတစ်သင်းမဟုတ်ပါဘူး။ မြန်မာ့ဇာတိသွေး၊ ဇာတိမာန်ကို မြန်မာ့လက်ရွေးစင်ကစားသမားတွေက ကွင်းထဲက မြက်ခင်းပြင်ပေါ်မှာပြ၊ မြန်မာပရိသတ်တွေက ပွဲကြည့်စင်ပေါ်မှာ ပြရင်း သုဝဏ္ဏကွင်းထဲမှာ အလောင်းမင်းတရားရဲ့ ကုန်းဘောင်မျိုးဆက်မြန်မာတို့ ရဲရဲတောက်အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။
ကိုင်တီဆက်၏ Tik-Tok ကစားဟန်တွင် အဓိကကျသည့်ကစားသမားများ
■ သီရာသွန် ဘန်မာသန် (၂၆နှစ်)
ဘယ်တောင်ပံတွင် နေရာစုံရွေ့လျား ကစားနိုင်သည့် ကစားသမားဖြစ်ပြီး ဘယ်ခြေကန်ချက်ပြင်းပြင်းဖြင့် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်သူဖြစ်ကာ လျင်မြန်သွက်လက်သည့် ကစားသမားတစ်ဦးဖြစ်သည်။
■ ဆာရက်ချ် ယူယန်း (၂၂နှစ်)
အသက်ငယ်သော်လည်း ကွင်းလယ်ဗဟိုတွင် အတွေ့အကြုံရင့်ကစားသမား တစ်ဦးပမာ ကစားနိုင်သူဖြစ်သည်။ အရပ် (၁. ၆၈) မီတာသာရှိသော်လည်း သူ့ထံမှ ဘောလုံးဆုံးရှုံးမှု နည်းပါးအောင် ကစားနိုင်သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပြီး ထိုင်းယူ - ၂၃ အသင်းချန်ပီယံဖြစ်အောင် ဦးဆောင်ကစားခဲ့သည်။
■ ချာရေးလ် ချာပူယစ် (၂၄နှစ်)
ဆွစ်ဇာလန် ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၀အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရွေးစင်အသင်းအား ရွေးချယ်ရာ၌ ထိုင်းအသင်းတွင်ကစားရန် ရွေးချယ်ခဲ့သူဖြစ်သည်။ ၂၀၀၉ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆွစ်ဇာလန် ယူ-၁၇ အသင်းဗိုလ်စွဲရာ၌ ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းစ်ချန်ပီယံ ထိုင်း ယူ-၂၃ အသင်းနှင့် ပြီးခဲ့သည့် ၂၀၁၄ ဆူဇူကီးဖလားချန်ပီယံ ထိုင်းအသင်းများတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းတွင် ဒူးဒဏ်ရာကြောင့် ကာလကြာရှည်အနားယူခဲ့ရသည်။ အပြေးမြန်ခြင်း၊ အလိမ်အခေါက်ကောင်းခြင်းအပြင်၊ အဝေးဘောများ ကန်သွင်းရာတွင် တိကျသူဖြစ်သည်။
■ ချာနာတစ် ဆောင်ခရာဆင် (၂၃နှစ်)
အရပ်ပုပြီး လျင်မြန်သွက်လက်ခြင်း၊ ဘောလုံးထိန်းသိမ်းမှု ကျွမ်းကျင်ခြင်း၊ တစ်ဖက်နောက်တန်းကို လှည့်ပတ် ထိုးဖောက်နိုင်ခြင်းတို့ကြောင့် “ထိုင်းမက်ဆီ” အဖြစ်ကျော်ကြားပြီး သူ့ကို Messi Jay ဟုခေါ်ဝေါ်ကြသည်။ ပြီးခဲ့သည့် ၂၀၁၄ ဆူူဇူကီးဖလား ဗိုလ်လုပွဲတွင် မလေးရှားဘက်သို့ အနိုင်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး သူ၏ဘယ်ခြေကန်ချက်ပြင်းပြင်းကို သတိထားရမည်ဖြစ်သည်။
■ တီရာဆေးလ် ဒန်ဒါ (၂၈နှစ်)
သီရာဆေးလ်ဒန်ဒါမှာ လက်ရှိ ထိုင်းလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်ပြီး အသက်အရွယ် အတွေ့အကြုံပိုင်းအရ အကောင်းဆုံးအချိန်ကို ရောက်ရှိနေသူ ဖြစ်သည်။ ဘောလုံးအထိန်းအသိမ်း ညက်ညောသလို အပေါ်ဘောများ ရယူရာတွင်ကျွမ်းကျင်ပြီး ခေါင်းတိုက်ဂိုးများ သွင်းယူတတ်သူဖြစ်သည်။ ၂၀၀၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းကို မြန်မာအသင်း (ဝ-၄) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ၌ ဒန်ဒါက ဟက်ထရစ်သွင်း ယူခဲ့သည်။
မြန်မာအသင်းနဲ့ မြန်မာပရိတ်သတ်တွေ ဇာတိသွေးမာန် ပြရမယ့်အချိန်
Most Read
Most Recent
43 min ago