၂၆၊ နိုဝင်ဘာ၊ ၂၀၁၆သုဝဏ္ဏကွင်း၊ ၁၉း၄၄ နာရီမလေးရှားအသင်းဘက်ကို ဒေးဗစ်ဒန်း ဂိုးသွင်းယူအပြီး ''ဂိုး''ဆိုတဲ့အသံတွေ ကွင်းလုံးပြည့်လျှံ ဖုံးလွှမ်းသွားချိန်မှာ ပထမဆုံး မျက်စိထဲ မြင်ယောင်လာတာက လွန်ခဲ့တဲ့(၁၂)နှစ်၊ တိုက်ဂါးဖလားပြိုင်ပွဲက ပုံရိပ်တွေပဲဖြစ်ပါတယ်။ ၂၀၁၆၊အာဆီယံချန်ပီယံရှစ်(ဆူဇူကီးဖလား) ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခွင့်ရခဲ့ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်ကိုတက်ပြီ။ မြန်မာဘောလုံးပရိသတ်တွေ ကိုယ့်မြေကိုယ့်ကွင်းမှာ ကိုယ့်အသင်းနဲ့အတူ တပျော်တပါး အောင်ပွဲခံခွင့်ရခဲ့ကြပြီ။
ဒါပေမဲ့ . . . လွန်ခဲ့တဲ့(၁၂)နှစ်၊ ၂၀၀၄ တိုက်ဂါးဖလားပြိုင်ပွဲကို ပြန်တွေးတော ကြည့်မယ်ဆိုရင်တော့ လက်ရှိ အခြေအနေနဲ့ များစွာကွာခြားတဲ့ ဆန့်ကျင်ဘက်အခြေအနေတွေကို တွေ့ရမှာပါ။
၂၀၀၄ တိုက်ဂါးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခဲ့ပြီး မြန်မာအသင်းပါတဲ့ အုပ်စုကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
ဒီအုပ်စုမှာ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာ၊ အရှေ့တီမောတို့ပါဝင်ခဲ့တာပါ။ အဲဒီတုန်းက First Eleven Sports Journal အမှုဆောင် အယ်ဒီတာ (ယခု Daily Eleven အယ်ဒီတာချုပ်) ကိုဝေဖြိုးက မလေးရှားနိုင်ငံအထိ ကိုယ်တိုင်ကိုယ်ကျလိုက်ပါ သတင်းယူပြီး မြန်မာဘောလုံး ပရိသတ်တွေဆီကို သတင်းတွေ အဆက်မပြတ် ပေးပို့ခဲ့ပါတယ်။
■ ဆီမီးဖိုင်နယ် ရောက်ပေမယ့် အိမ်ရှင်မဖြစ်ခဲ့တဲ့ မြန်မာဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အဖွင့်ပွဲမှာ ဖိလစ်ပိုင်အသင်းကို ဆန်းဒေးသိန်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူ၊ ဒုတိယပွဲမှာ နာမည်ကြီး ထိုင်းကို (၁-၁)ဂိုးနဲ့ သရေကစား၊ တတိယပွဲမှာ အိမ်ရှင်မလေးရှားကို စိုးမြတ်မင်းရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူ၊ နောက်ဆုံးပွဲမှာ အရှေ့တီမောကို (၃-၁)ဂိုးနဲ့ အနိုင်ကစားပြီး အုပ်စုဗိုလ်နေရာကနေ ဆီမီးဖိုင်နယ် တက်ခွင့်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင် တိုက်ဂါးဖလား ပြိုင်ပွဲ(၄)ကြိမ်စလုံးမှာ အုပ်စုအဆင့်က ထွက်ခဲ့ရတာကြောင့် မြန်မာအသင်း အုပ်စုဗိုလ်နေရာက နောက်တစ်ဆင့်ရောက်ခဲ့တာကို ဒေသတွင်း ပြိုင်ဘက်အသင်းတွေက မထိုက်တန်တဲ့နေရာကိုရယူခဲ့တယ်လို့ ယူဆပုံပေါ်ပါတယ်။ ဆီမီးဖိုင်နယ် ရောက်တယ်ဆိုကတည်းက မြန်မာဘောလုံးကို ထိုးနှက်မှုတွေ အဆက်မပြတ် ရောက်ရှိလာပါတယ်။ ပထမဆုံးကြုံတွေ့ရတာက အိမ်ကွင်း ပွဲစဉ်ကို မိမိကွင်းမှာ လက်ခံကျင်းပဖို့ပါပဲ။ ပြိုင်ပွဲ မတိုင်ခင် MFF တာဝန်ရှိသူတွေက ဆီမီးဖိုင်နယ်တက်ခဲ့ရင် အိမ်ကွင်းလက်ခံကျင်းပမယ်၊ မကျင်းပဘူးဆိုတာကို ယတိပြတ် မပြောခဲ့တာကိုနင်းပြီး မြန်မာအသင်း ဆီမီးတက်ချိန်မှာ မြန်မာနိုင်ငံမှာ ဆီမီးဖိုင်နယ်ပွဲကို ကစားခွင့်ပေးဖို့ AFFက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက AFF တာဝန်ရှိသူတွေရဲ့ အကြောင်းပြချက်က ပွဲကစားရက်နီးတာကြောင့် Marketing Plan အရရော၊ တခြားကိစ္စ ရပ်တွေကြောင့်ပါ မြန်မာနိုင်ငံမှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
■ စင်ကာပူမီဒီယာတွေရဲ့ စိတ်ဓာတ်ရေးရာ တိုက်ပွဲဒါကြောင့် မြန်မာအသင်းဟာ မိမိတို့ရဲ့ အိမ်ကွင်းပွဲစဉ်ကို မလေးရှားနိုင်ငံမှာ ပထမအကျော့အဖြစ်ကစားခဲ့ရပါတယ်။ ပွဲမတိုင်ခင် ကတည်းက စင်ကာပူမီဒီယာတွေက မြန်မာအသင်းကို ထိုးနှက်မှုတွေ၊ စိတ်ဓာတ်ရေးရာ တိုက်ပွဲတွေ စတင်ဆင်နွှဲခဲ့ပါတယ်။ သူတို့စိတ်ထဲမှာ မြန်မာအသင်း ဒီလိုအကောင်းဆုံး(၄)သင်း စာရင်းဝင်လာတာကို မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့အရာလို့ တွေးထင်နေပုံရပြီး မြန်မာဘောလုံး အသင်းသိက္ခာကျစေမယ့် တိုက်ကွက်တစ်ခုကို စသုံးခဲ့ပါတယ်။ အဲဒါကတော့ စင်ကာပူသတင်းစာ Today က '' မြန်မာအသင်း ကစားခွင့်မရှိတဲ့ကစား သမားတစ်ဦးကို ထည့်သွင်းကစားခဲ့သလား"(Did Myanmar field an ineligible player?) ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို စာမျက်နှာ တစ်ဝက်လောက် ဖော်ပြလိုက်တာပါ။ ဒီပြိုင်ပွဲမတိုင်ခင်၂၀၀၄၊ သြဂုတ်လအတွင်းက ဗီယက်နမ်မှာကစားခဲ့တဲ့LG ဖလားပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်ကွင်းလယ်လူ မျိုးမင်းထွန်း ပြိုင်ဘက်ကစားသမား တစ်ဦးနဲ့ဖြစ်ပွားခဲ့တဲ့ ပြဿနာအပေါ်AFC စည်းကမ်းထိန်းသိမ်းရေး ကော်မတီက (၆)လပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာကို ရည်ညွှန်းပြီး Today က ရေးသားခဲ့တာပါ။ အမှန်တကယ်တော့ သြဂုတ်လက ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို AFC က ဒီဇင်ဘာ(၉)ရက်နေ့မှာမှပြစ်ဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ တိုက်ဂါးဖလားပြိုင်ပွဲဟာ AFF က ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး မျိုးမင်းထွန်း ပြစ်ဒဏ်ချခံရတာက AFC ကကြီးမှူး ကျင်းပတဲ့ ပြိုင်ပွဲတွေမှာသာဖြစ်ပါတယ်။ဒါကို စင်ကာပူသတင်းစာက မရှင်းမရှင်းနဲ့ မြန်မာဘောလုံး အသင်းသိက္ခာကျရုံနဲ့ မြန်မာကစားသမားတွေ အာရုံနောက်စေဖို့ ရည်ရွယ်ချက်သက်သက်နဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ မျိုးမင်းထွန်းဟာ တကယ် လက်တွေ့မှာလည်း မလေးရှားနဲ့ တတိယနေရာလုပွဲထိ ဘာပြဿနာမှ မရှိဘဲ ကစားသွားခဲ့ပါတယ်။
■ မြေနိမ့်ရာ လှံစိုက်ချင်တဲ့ ဂျပန်ဒိုင်မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့မှာ စင်ကာပူကို (၃-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က KLFA ကွင်းမှာ အိမ်ကွင်း ပွဲစဉ်အဖြစ် ကစားခဲ့ရတာပါ။ အိမ်၊ အဝေးနှစ်ကျော့ ကစားရပေမယ့် အဝေးဂိုးစည်းမျဉ်းမသုံးတာကြောင့် ဒုတိယအကျော့မှာ တစ်ဂိုးအသာရတာနဲ့အချိန်ပို ကစားပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ တကယ် ကစားတော့လည်း စင်ကာပူမြေမှာမြန်မာအသင်းဟာ စင်ကာပူကို တစ်ဂိုးအသာရလဒ် ဖြစ်တဲ့ (၂-၁)ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကမိနစ်(၉၀)ရလဒ်ပါ။ မိနစ်(၉၀)မပြည့်ခင်မိနစ်အပိုင်းအခြားမှာ မြန်မာဘောလုံး လောကကို နာကျည်းစရာဖြစ်စေမယ့် လုပ်ရပ်တွေကို စင်ကာပူ က National Stadium မှာ ဂျပန်ဒိုင်က ဖန်တီး လိုက်ပါတယ်။ အစောပိုင်းက ရန်ပိုင်ကို (၂)ဝါ(၁)နီနဲ့ထုတ်ခဲ့တဲ့ဒိုင်လူကြီးဟာ မိနစ်(၉၀)ပြည့်ခါနီးမှာ နောက်ခံလူ ဇော်လင်းထွန်း-၂ ကို အနီကတ်ပြပြီး စင်ကာပူအသင်းဘက်ကို ပယ်နယ်တီပေးလိုက်ပါတယ်။ ဒီအချိန်မှာ နှစ်ကျော့ပေါင်းရလဒ် (၅-၅) ဂိုးဖြစ်နေပြီး အိမ်ရှင်စင်ကာပူအသင်းဘက်ကို လုံးဝအလေးသာစေမယ့် ဆုံးဖြတ်ချက်ကို ဒိုင်က ချမှတ်လိုက်တာပါ။ ကိုယ့်ရဲ့ကြိုးစားမှု၊ အားထုတ်မှုတွေ ပြိုလဲပျက်စီးတော့မယ့်ဒဏ်ကိုမခံနိုင်တဲ့ မြန်မာကစားသမားတွေ ဒေါသပေါက်ကွဲခဲ့ကြပြီး၊ ရွံ့ ရည်ဝပ်နေတဲ့မြက်ခင်းပြင်ကိုကန်ခဲ့တဲ့ နောက်ခံလူ မိုးကျော်သူကိုလည်း (ရွှံ့ရည်စင်ခြင်းကိုခံခဲ့ရတဲ့)ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။အဲဒီတုန်းက ဒိုင်ကို ရည်ရွယ်တာမဟုတ်ဘူးဆိုတာကို မိုးကျော်သူက အခုလို ပြန်လည်ပြောပြခဲ့ပါတယ်။ ''ကျွန်တော် သူ့(ဒိုင်)ကို တမင်တကာရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး။ သူ့ရဲ့ဆုံးဖြတ်ချက် က ကျွန်တော်တို့ မြန်မာအသင်း ရှုံးအောင်ချိန်သားကိုက်ပြီး တမင် လုပ်ခဲ့တာလို့ ထင်ပါတယ်။ အဲဒီအချိန်မှာ အရမ်း ဒေါသထွက်မိခဲ့ပြီး ဘာကိုမှမမြင်တော့ဘဲ ဒေါသထွက်ထွက်နဲ့ မြက်ခင်းပြင်ကို ခြေနဲ့ကျုံးကန်ခဲ့မိပါ တယ်။ ကံဆိုးချင်တော့ သူ့ကို ရွှံ့ရည်သွားစင်ပြီး ကျွန်တော်ပါအထုတ်ခံလိုက်ရတာပါ။ ဒီပွဲရှုံးတာ အရမ်းနာတယ်''လို့ ပြောခဲ့ပါတယ်။ (မြန်မာကစားသမားတွေ ပယ်နယ်တီပေးရလို့ ဒေါသပေါက်ကွဲခဲ့ပေမယ့် စင်ကာပူအသင်း အဲဒီပယ်နယ်တီမဝင်ခဲ့ပါ။) ဆီမီးဖိုင်နယ်လိုပွဲမျိုးကို ကစားသမား(၃)ယောက်လျော့ နဲ့ အချိန်ပို မိနစ်(၃၀)ကစားရတဲ့ မြန်မာအသင်း ဟာ စင်ကာပူကို ဘယ်လိုမှမထိန်းနိုင်တော့ဘဲ (၉၄၊ ၉၆၊ ၁၀၈)မိနစ်တွေမှာ အနိုင်ဂိုး(၃)ဂိုးကို ပေးခဲ့ရပြီး နှစ်ကျော့ပေါင်း (၅-၈) ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ ရပါတယ်။အဲဒီအချိန်တုန်းက မိမိအိမ် ကွင်း၊ မိမိပရိသတ် ရှေ့ မှောက် မှာကစားခွင့် မရခဲ့ဘဲ မိမိရဲ့ အုပ်စုတွင်း ပြိုင်ဘက် မလေးရှား အသင်းရဲ့ KLFA ကွင်းမှာ အိမ်ကွင်းလုပ်ကစားခဲ့ရတာ၊ ပွဲမကစားခင် စင်ကာပူနဲ့ မလေးရှားမီဒီယာတွေရဲ့ အထင်မြင်သေးထိုးနှက်မှု၊ သိက္ခာချမှုတွေကို ရင်ဆိုင်ခဲ့ရတာ၊ ပွဲကစားတော့လည်း ဒိုင်လူကြီးရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရတာတွေက ၂၀၀၄ တိုက်ဂါး ဖလားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းရရှိခဲ့တဲ့ စိတ်ဒဏ်ရာအမာရွတ်တွေပဲဖြစ်ပါတယ်။
■ လူကြီးလူကောင်းဘွဲ့ ဝင်ခံသူတွေအဘက်ဘက်က ယိုယွင်းနိမ့်ကျနေတဲ့နိုင်ငံ၊ ကျဆင်းနေတဲ့ဘောလုံးအဆင့်အတန်း၊ လိုအပ်ချက် ရှိနေတဲ့ ထောက်ပံ့မှုအစရှိတာတွေကြားထဲက ဗိုလ်လုပွဲ ရောက်လုရောက်ခင် အခြေအနေကို ရောက်ရှိအောင် ကြိုးစားခဲ့ကြတဲ့ မြန်မာဘောလုံးသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အလေးမထား၊ အသိအမှတ်မပြုဘဲ အဲဒီအချိန်တုန်းက မြန်မာအသင်း ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ရ တာ မြန်မာဘောလုံးသမားတချို့ရဲ့ စည်းကမ်းပိုင်း ဆိုင်ရာအားနည်းချက်ကြောင့်ဖြစ်တယ်လို့ တလွဲ ဆံပင်ကောင်းပြီး လူကြီးလူကောင်းဘွဲ့ဝင်ခံသူတွေလည်း ရှိခဲ့ပါတယ်။ တကယ်တမ်းမှာတော့ မြန်မာဘောလုံးပရိသတ်တွေက ဒီလူတစ်စုရဲ့ ရေပေါ်ဆီအမြင်တွေကို လက်မခံခဲ့ဘဲ ရင်ထဲက ခံစားချက်နဲ့အတူ လက်တွေ့ကျကျတွေးပြီးတော့ မြန်မာအသင်းရဲ့ ကြိုးစားအားထုတ်မှု၊ ကစားသမားတွေရဲ့ ဇွဲနဘဲကြီးမှုတွေကို ချီးကျူးခဲ့ကြပါတယ်။ ဒီပြိုင်ပွဲပြီးတော့ မြန်မာဘောလုံးကို နှိပ်ကွပ်ချင် တဲ့ AFF တာဝန်ရှိသူအချို့ဟာ အနီကတ်ပြခံရ တဲ့ကစားသမားတွေကို လုပ်ရပ်နဲ့ ပြစ်ဒဏ်မမျှမတအရေးယူခဲ့ပါတယ်။ အဲဒီပွဲမှာ စင်ကာပူကစားသမားတစ်ဦးကို ရေဘူးနဲ့ပစ်ပေါက်တဲ့ မြန်မာအရံဂိုးသမား ထွန်းထွန်းလင်းကို (၉)လပွဲပယ်၊ အနီကတ်ပြခံခဲ့ရတဲ့ နောက်ခံလူ(၂)ဦးဖြစ်တဲ့ ဇော်လင်းထွန်း -၂ နဲ့ မိုးကျော်သူတို့ကို (၆)လပွဲပယ် တွေချမှတ်ခဲ့ပါတယ်။ တကယ်တော့ ဘောလုံးလောကမှာ ဇော်လင်းထွန်း နဲ့ မိုးကျော်သူတို့ထက် အလွန်တရာ ဆိုးရွားတဲ့ဖြစ်ရပ်တွေကို ကျူးလွန်ကြတဲ့ကစားသမားတွေက ဒီ(၆)လပွဲပယ်ပြစ်ဒဏ်ထက် လျော့နည်းတဲ့ပြစ်ဒဏ်တွေကိုပဲ ချမှတ်ခံခဲ့ရတာ သာဓကများစွာရှိခဲ့ပါတယ်။မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာရှုံးပြီး တတိယနေရာလုပွဲ ကစားတာတောင် အညစ်ခံရတဲ့ ဒုက္ခဘေးကမလွတ်သေးဘဲ ဗီယက်နမ်ဒိုင်ရဲ့ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေကို ကြုံခဲ့ရပါသေးတယ်။ဒီပွဲမှာ စိုးမြတ်မင်းကို ဥပဒေပတားဆီးတဲ့ မလေးရှားနောက်ခံလူကို အရေးယူရမယ့်အစား စိုးမြတ်မင်းကို ဟန်ဆောင်တယ်ဆိုပြီး အဝါကတ်အတင်းပြ၊ မြန်မာအသင်းသွင်းခဲ့တဲ့ ဂိုးတစ်ဂိုးကိုလည်းလူကျွံဘောဆိုပြီး ပယ်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
■ မြန်မာက အိမ်ဖြည့်လား ???သမိုင်းကြောင်းလည်း ပြန်ကြည့်ဦးတကယ်တော့ ဒေသတွင်းအသင်းတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတွေက မြန်မာအသင်းဆိုရင် သူတို့ ရဲ့နောက် အဆင့်(၆)နေရာလောက်မှာသာ အမြဲ ရှိစေချင်တာပါ။ ကျွန်တော်တို့ မြန်မာပရိသတ်တွေ အနေနဲ့ ကမ္ဘောဒီးယား၊ လာအိုအသင်းတွေကို မြင် သလိုမျိုး မြန်မာအသင်းကို သူတို့က မြင်ချင်တာပါ။ တစ်နည်းအားဖြင့်တော့ မြန်မာအသင်းဆိုရင် အုပ်စုက အမြဲထွက်ရတဲ့ အိမ်ဖြည့်အသင်းပေါ့။ ဒါပေမဲ့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ကြည့်ပါဦး။ အာရှတိုက်ရဲ့ အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာရှဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအရှေ့ တောင်အာရှအသင်းက ၁၉၆၈ပြိုင်ပွဲမှာ ဒုတိယ ဆုရခဲ့တဲ့ မြန်မာပါ။ အာရှဖလားပြိုင်ပွဲမှာ ထိုင်းအသင်းရဲ့ အမြင့်ဆုံးအောင်မြင်မှုက တတိယနေရာသာဖြစ်ပြီး ဒါတောင် ၁၉၇၂ပြိုင်ပွဲမှာ သူတို့အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ပြိုင်ပွဲဖြစ်လို့ အိမ်ရှင်အခွင့်အ ရေးတွေနဲ့ တတိယနေရာကို ရယူခဲ့တာပါ။ ကျွန်းဆွယ်ပြိုင်ပွဲမှာ (၅)ကြိမ်ဆက်ချန်ပီယံ၊Asia Youth Championship (ယခုအာရှယူ-၁၉) ပြိုင်ပွဲမှာ (၇)ကြိမ်ဗိုလ်စွဲပြီး ဒုတိယအအောင်မြင်ဆုံးအသင်း၊ Asian Games (အာရှအားကစားဘောလုံးပြိုင်ပွဲ)မှာ ဗိုလ်စွဲဖူးတဲ့ တစ်သင်းတည်းသော အရှေ့တောင်အာရှအသင်း(ဗိုလ်စွဲတာမှ တစ်ကြိမ်တည်းမဟုတ်ဘဲ ၂ ကြိမ်ဆက်ချန်ပီယံ)အစရှိတဲ့ ဂုဏ်ပုဒ်တွေပိုင်ဆိုင်ထားတဲ့ မြန်မာဘော လုံးသမိုင်းကြောင်းဟာ အရှေ့တောင်အာရှမှာ ကျန်အသင်းတွေထက် ခေါင်းတစ်လုံးမြင့်နေတာ အမှန်ပါပဲ။ (အာရှ အားကစားပြိုင်ပွဲမှာ ထိုင်း အပါအဝင် ကျန်အရှေ့တောင်အာရှ တစ်သင်းမှ ဗိုလ်လုပွဲသို့ပင် မရောက်ခဲ့ပါ။) ဒါကြောင့် ဒီလိုလှပတဲ့ သမိုင်းကြောင်းတွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာအသင်းအနေနဲ့ ဒေသတွင်းမှာအဆင့်(၁၊ ၂၊ ၃) နေရာကို ပြန်လည်တက်လှမ်းမယ်ဆိုရင် မဖြစ်သင့်၊ မဖြစ်ထိုက်တာမဟုတ်ဘဲ ကိုယ်နဲ့ထိုက်တန်တဲ့နေရာတစ်ခုကို ပြန်လည် ရယူခြင်းလို့ပဲ သတ်မှတ်ရမှာပါ။ ဆူဇူကီးဖလား (ယခင်တိုက်ဂါးဖလား)ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အဆင့် (သို့မဟုတ်) နောက်ဆုံး(၄)သင်းစာရင်းဝင်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီနေရာဟာကိုယ်နဲ့ မထိုက်တန်တဲ့နေရာကို ရောက်ရှိနေတာမဟုတ်ဘဲ ဒီထက်မြင့်မားတဲ့ ဗိုလ်လုပွဲအဆင့်ဆိုရင်တောင် မြန်မာလက်ရွေးစင်ဘောလုံးအသင်း ရဲ့ရွှေရောင်လွှမ်းခဲ့တဲ့ လှပတဲ့သမိုင်းကြောင်းကြောင့်ကိုယ်နဲ့ ထိုက်တန်တဲ့နေရာလို့ပဲ ဆိုရမှာပါ . . . ။
ထိုက်တန်တဲ့နေရာ
Most Read
Most Recent
18 min ago