အရက်ချက်စက်ရုံများမှ စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်က စောင့်ကြည့်သွားမည်

အရက်ချက်စက်ရုံများမှ စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်က စောင့်ကြည့်သွားမည်
Published 29 November 2016

အရက်ချက်စက်ရုံများမှ စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ်တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို မှတ်တမ်းတင်စောင့်ကြည့်မည်ဟု နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည်။
ယင်းအဆိုကို နိုဝင်ဘာ ၁၈ ရက်က ပြည်သူ့လွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးကာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းတင်ထားရှိရန် အဆိုပြုခဲ့သော်လည်း လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ၁၉၁၇ ခုနှစ် ယစ်မျိုးအက်ဥပဒေ၊ နည်းဥပဒေများအရ သိပ္ပံနည်းကျထုတ်လုပ်ခွင့်၊ ရောင်းချခွင့်ရှိသူ ၃၀၀ ကျော်ရှိပြီး၊ လက်လီလက်ကား ရောင်းချသူမှာ ၄၀၀၀၀ ကျော်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်လီလက်ကား အရက်ဆိုင်ပေါင်း ၄၁၂၁၀၊ စက်ရုံပေါင်း ၇၃ ရုံ၊ ဘီယာစက်ရုံပေါင်း လေးရုံ၊ ဝိုင်စက်ရုံ ပေါင်း ၄၀၊ တောအရက်ချက်စက်ရုံပေါင်း ၄၁၀ နှင့် ဖြန့်ဖြူးသူဦးရေ ၂၁၈ ဦးခန့်ရှိသော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းများအရ ပြည်ထဲရေး ဝန်ကြီးဌာနမှ ယစ်မျိုးခွန်အား ကျပ်သန်း ၉၄၀ ဒသမ ၃၁၁ ကျပ် ကောက်ယူရရှိရန် ခန့်မှန်းထားသည်မှာ အင်မတန်နည်းပါး၍ မဖြစ်သင့်သော ကြီးကြပ်မှုဖြစ်ကြောင်း ဒေါက်တာမေဝင်းမြင့်က ထည့်သွင်းဆွေးနွေးသည်။
ဆက်လက်၍ ဒေါက်တာမေဝင်းမြင့်က ပြည်သူကိုထိခိုက်သော၊ သဘာ၀ ပတ်ဝန်းကျင်ကိုထိခိုက်သော၊ ကမ္ဘာကိုထိခိုက်သော၊ အစိုးရသစ်၏ စီးပွားရေးမူဝါဒအပိုဒ် (၆) ပါ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ဦးစားပေးကို ထိခိုက်သော၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ဘုံသဘော တူညီချက်ဖြစ်သော Sustainable Development Goal ၏ နံပါတ် ၆ ပါ Clean Water And Sanitation နှင့် ဆန့်ကျင်သော၊ နည်းလမ်းတကျ မစွန့်ပစ်သော အရက်ချက်စက်ရုံများကို ကန့်ကွက်ကြောင်း ထည့်သွင်းပြောကြားသည်။
ဒေါက်တာခင်စိုးစိုးကြည်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်၊ ပြည်တွင်းထုတ်ကုန် မြှင့်တင်နိုင်ရန်အတွက် စက်မှုကဏ္ဍ တိုးတက်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် စက်ရုံများမှ စွန့်ပစ်သည့်အရာများကြောင့် လူ၊ သတ္တဝါ များနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရန် လိုအပ်ကြောင်း၊ ထိုအရာကို ထိန်းကျောင်းနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် အဆိုပါဥပဒေများကို အတိအကျ လိုက်နာမှသာ ဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် စက်မှုလုပ်ငန်း အများစုသည် လိုက်နာမှုအားနည်းပြီး အစိုးရ၏ ထိန်းကျောင်းစိစစ်မှု လျော့နည်းသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို များ စွာ ထိခိုက်လျက်ရှိကြောင်း ထည့်သွင်းဆွေးနွေးသည်။
ထို့ပြင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က လုပ်ငန်းရှင်များက ရေဆိုးသန့်စင် စနစ်တပ်ပြီးပြီဟု တင်ပြပြီး လက်တွေ့တွင် မလုပ်ကြသည့်အခါ ဥပဒေနှင့်မညီသည့် လုပ်ရပ်များလုပ်သည့်အခါ ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန်လိုကြောင်း၊ ထိရောက်သော အရေးယူမှုများ မပြုလုပ်ပါက လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများက မည်မျှပင် ဖော်ထုတ်ပြောဆိုငြားသော်လည်း ပြည်သူများအတွက် ထိရောက်မှုမဖြစ်နိုင်ကြောင်း၊ ယခုအဆိုကို လွှတ်တော်တွင် ဆွေးနွေးပြီးပါက သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးများအနေဖြင့် ဥပဒေချိုးဖောက်သည့် မည်သည့်လုပ်ငန်းရှင်မဆို ဥပဒေနှင့်အညီ အရေးယူရန် လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
အဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုကို မှတ်တမ်းတင်ထားရှိသင့်ကြောင်း ပြောကြားသည်။
ထို့နောက် အဆိုရှင်၏သဘောထားကို မေးမြန်းရာ “အဆိုကို မှတ်တမ်းတင်ထားရှိ မည်ဆိုရင်လည်း အချိန်ကာလတစ်ခုအတွင်း ပြီးစီးအောင် စောင့်ကြည့်ကြပ်မတ်ပေးဖို့ လိုအပ်ကြောင်း” အဆိုရှင် ဦးအောင်ကျော်ကျော်ဦးက ပြန်လည်တင်ပြခဲ့ရာ လွှတ်တော်က အဆိုကို မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း အတည်ပြုသည်။
ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်ပတ်သက်၍ “ဒီနေရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ လွှတ်တော်ကို တင်ပြလိုပါတယ်။ သက်ဆိုင်ရာဝန် ကြီးဌာနအနေနဲ့လည်း ဒီကိစ္စကို ကြပ်ကြပ်မတ်မတ် တည်ဆဲဥပဒေ နည်းဥပဒေနဲ့အညီ ဆောင်ရွက်ပေးစေလိုပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စနဲ့ စပ်လျဉ်းပြီး မျက်ခြည်မပြတ် ဖော်ထုတ်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့လည်း ဒီကိစ္စကို အလေးအနက် ထားပြီးတော့ မှတ်တမ်းတင်ရုံတင်မဟုတ်ဘူး၊ ရှေ့ဆက် စောင့်ကြည့်သွားမယ်ဆိုတာကို လွှတ်တော်ကို ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent